Home သတင်း ခရီးသွားကားထံမှ ငွေတောင်းယူရန် စစ်ကောင်စီတပ် သေနတ်ပစ်ဖောက်တားဆီးမှု ပြုလုပ်

ခရီးသွားကားထံမှ ငွေတောင်းယူရန် စစ်ကောင်စီတပ် သေနတ်ပစ်ဖောက်တားဆီးမှု ပြုလုပ်

1255
Photo: CJ

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်း ကော့နွဲတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ယနေ့ စက်တင်ဘာလ ၉ရက်နေ့တွင် ခရီးသွားပြည်သူကားထံမှ ‌ငွေတောင်းယူရန် သေနတ်ပစ်ဖောက်တားဆီးမှု လုပ်ဆောင်ခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီခွဲအချိန်တွင် ကော့ကရိတ်မှ မြဝတီသို့သွားမည့် ခရီးသွားပြည်သူကားတစ်စီးထံမှ ‌ပိုက်ဆံကောက်ယူရန် ကားတားဆီးရာတွင် ရပ်မပေးသဖြင့် သေနတ်အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

” ကားတစ်စီး အရင်တက်သွားတာကို သေနတ်နဲ့တဒိုင်းဒိုင်းပစ်ခတ်လိုက်တာ လှမ်းမြင်လိုက်တယ်။ တစ်ခုခု မသင်္ကာစရာတွေ့လို့ ပစ်ခတ်တာပဲထင်တယ်။ ဘယ်ဟုတ်မလဲ တက်သွားတဲ့ကားက ရပ်မပေးလို့ဆိုပြီး ပစ်တာတဲ့။ ပစ်ခတ်သံတွေကြားတော့ ကားက ရပ်ပေးလိုက်တယ်။ ငွေတောင်းတာလို့ သိရတယ်။ “ဟု ၎င်းမျက်မြင်ဒေသခံက ပြောသည်။

လက်ရှိ ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များသည် လမ်းအသုံးပြုသွားလာနေသော ခရီးသွားကားများကို အလျင်းသင့်သလို ဝင်ရောက်တားဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ခရီးသွားပြည်သူများက ပြောသည်။

ခရီးသွားပြည်သူတစ်ဦးက ” အာရှလမ်း ကော့နွဲတံတားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေ ဈေးဝယ်ခိုင်းတာ ၊ အရက်ဝယ်ခိုင်းတာ၊ စစ်ဆေးမေးမြန်းတာ၊ ပိုက်ဆံကောက်ဖို့ သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်မှုတွေ လုပ်လာလို့ သွားလာရတာတော်တော် စိတ်မချမ်းမသာဖြစ်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကော့နွဲတံတားတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သည် ယမန်နေ့ည ၈ နာရီအချိန်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အချက်ပေါင်း ၁၀ ကျော် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။