Home သတင်း လက်နက်ခဲယမ်း၊ ရိက္ခာပို့သည့် စစ်ကောင်စီ အရာရှိအပါအဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းအဖွဲ့ဖမ်းမိ

လက်နက်ခဲယမ်း၊ ရိက္ခာပို့သည့် စစ်ကောင်စီ အရာရှိအပါအဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA ပူးပေါင်းအဖွဲ့ဖမ်းမိ

824

စက်တင်ဘာလ ၉ ရက် ရက်၊ ၂၀၂၂ ခုနှစ် ။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းအဖွဲ့များ စိုးမိုးနေရာယူထားသည့် ဖလူး -ဝေါလေ လမ်းပိုင်းတွင် ယနေ့ စက်တင်ဘာလ ၉ရက်၊ နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်က ဝေါလေတောင်ပေါ်လမ်း သဲဖြူချောင်းနေရာတွင် လက်နက်ခဲယမ်းများ တင်ဆောင်မောင်းနှင်လာသည့်ကားပေါ်မှ စစ်ကောင်စီအရာရှိ တစ်ဦး အပါအ၀င် စုစုပေါင်း ၆ ဦးအား အရှင်ဖမ်းမိခဲ့သည်ဟု KNLA ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန် ထားသည်။

အရပ်သားကားဖြင့် ဖလူး-ဝေါလေလမ်းအတိုင်း တက်လာသည့် စစ်ကောင်စီတပ် ခမရ (၁၀၂ ) တပ်ရင်းမှ ဗိုလ်ကြီး ရဲရင့်မောင်နှင့် တပ်သား ၅ ဦးသည် ဝေါလေတောင်ပေါ်လမ်း ယခင် DKBA သဲဖြူချောင်းဂိတ်အနီး လူခို့ထာ့ လမ်းပိုင်း နေရာအရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ပြီး လက်နက်ကြီးကျည်၊ ဗုံးသီး၊ ရိက္ခာများနှင့် ၎င်းတို့ ကိုယ်ပိုင်ကိုင်သည့် သေနတ်များကို သိမ်းဆည်းရမိသည်ဟု KNLA ပူးပေါင်းအဖွဲ့ တာ၀န်ရှိ သူ ကပြောသည်။

KNLA ကော်ဘရာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောကော်က ” ၆ ဘီးကားနဲ့တက်လာတာ။ ကျနော်တို့ ရဲဘော်တွေဆီအထိ ကျွံလာတော့ ဖမ်းလိုက်တာဖြစ်တယ်။ သူတို့ဆီက လက်နက်တွေအားလုံးသိမ်းပြီး ဖမ်း လိုက်တာ။ အခုတော့ ထိန်းသိမ်းထားတယ်ပေါ့။ ကျနော်ထင်တယ် သူတို့တွေ အဆက်အသွယ်ပြတ်ပြီး နယ်ကျွံ ရောက်လာတာဖြစ်ပါလိမ့်မယ်။”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများမှာ MA-3 ၂ လက်၊ MA-1 ၁လက်၊ MA-2 ၁ လက် ၊ MA-4 ၁လက် ၊ MA-5 ၁လက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဘောက် အဝိုင်း ၁ခု ၊ ၅.၅၆ ကျည် ၆၀၀တောင့်၊ လက်ပစ်ဗုံး ၂လုံး၊ BSA စနိုက်ပါ စကုတ်မှန်ပြောင်း ၁ ခု ၊ 40MM ဗုံးသီး ၂၀၀ လုံး၊ 60 MM မော်တာ စိန်ပြောင်း ဗုံးသီး ၂၀၀ လုံးနှင့် ရိက္ခာခြောက်မားမား ခေါက်ဆွဲခြောက် ၁၂ အိတ်တို့အား တင်ဆောင်လာသည့် ကားတစ်စီးနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။