Home သတင်း တိုက်ပွဲကြောင့် ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်းရှိ စာသင်ကျောင်းများပုံမှန်မဖွင့်နိုင်

တိုက်ပွဲကြောင့် ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်းရှိ စာသင်ကျောင်းများပုံမှန်မဖွင့်နိုင်

1066

စက်တင်ဘာ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် မြို့တွင်းနှင့် ကျေးလက်ကျေးရွာအချို့မှ စာသင်ကျောင်းများသည် ပုံမှန်မဖွင့်လှစ်နိုင်တော့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

စစ်ကောင်စီ ပညာရေးဌာနလက်အောက်တွင် ကျောင်းပြန်လည်ဖွင့်လှစ်သည့် ကော့ကရိတ်မြို့ ချောင်းတောင် အထက်တန်းကျောင်း(အထက)နှင့် တောင်ကြာအင်းကျေးရွာ အထက်တန်းကျောင်းဝင်းထဲ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်တပ်စွဲနေထိုင်ခြင်းနှင့် စာသင်ကျောင်းအနီးတွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့်အတွက် အဆိုပါ စာသင်ကျောင်းများမှာ ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်ချောင်းတောင် အ.ထ.ကနှင့် နီးစပ်သူတစ်ဦးက” ကျောင်းကဖွင့်တယ်။ ဥပုသ်နေ့ တနင်္ဂနွေနေ့တို့ တိုက်ဆိုင်လို့ ၁၄ ရက်လောက်ရှိပြီး ကျောင်းကိုမသွားတာ၊ ကျောင်းသားတွေက မလာဘူး၊ ဆရာမ‌တွေကတော့ သွားတယ်၊ လက်မှတ်သွားထိုးတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်

ထို့အတူ ကော့ကရိတ်မြို့ အနောက်တောင်ဘက်ရှိ တောင်ကြာအင်းအထက ကျောင်းဝင်းထဲ စစ်ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်သည့်အတွက် ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲသို့ ကျောင်းပြောင်းရွှေ့ဖွင့်လှစ်ရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲမှုရှိလာသည့်အတွက် ကျောင်းပြန်ပိတ်ထားလိုက်ရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

သူက “ ဟိုနေ့တုန်းက တိုက်ပွဲဖြစ်တဲ့အချိန်ဆိုရင် နေ့လည်ကလေးတွေ ကျောင်းတက်တဲ့အချိန်။ ကံကောင်းလို့ ကျောင်းသားတွေက ၃ ထပ်ဘုန်းကြီးကျောင်းအောက်ကို ပြေးပုန်းခိုင်းလို့ မထိတာ ကျန်တဲ့ဘုန်းကြီးတစ်ပါးထိ သွားတယ်။ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီး ခဏခဏကျတော့ အခုကျောင်းက အကန့်အ သတ်မရှိပိတ် လိုက်တယ်။ ရွာမှာဆိုရင် တော်လှန်ရေးအဖွဲ့တွေ ဝင်လာနိုင်တဲ့လမ်းတွေမှာ စစ်တပ်ဘက်က မိုင်းလိုက်ထောင်တာ ရှိသေးတယ်။ ” ဟု ပြောသည်။

ယခုလို စာသင်ကျောင်းထဲ ကောင်စီတပ်များ ဝင်ရောက်တပ်စွဲနေထိုင်မှုနှင့် စာသင်ကျောင်းအနီးအနားတွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားမှုများကြောင့် ကျောင်းသားမိဘအချို့သည် ၎င်းတို့၏ သားသမီးများကို ကျောင်းဆက်မထားတော့သည့် အခြေအနေအထိ ရှိလာသည်ဟု သိရသည်။

တဆက်တည်းတွင် တောင်ကြာအင်းအထက်တန်းကျောင်းဝင်းထဲအပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်-တံခွန်တိုင်တိုက်နယ် တံခွန်တိုင်ရွာ အမှတ်(၃) မူလတန်းကျောင်းဝင်းထဲတွင် စစ်ကောင်စီတပ်မှ မြေမြှုပ်မိုင်းထောင်ထားမှုများလုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲတွင် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ကလည်း ကျေးရွာများထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည့်အတွက် ဒေသတွင်းး စာသင်ကျောင်းတော်တော်များများမှာ ပုံမှန်မဖွင့်လှစ်နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။