Home သတင်း မြဝတီတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ လုံခြုံရေးအင်အားတိုးမြှင့် ကင်းပတ်နေ

မြဝတီတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ လုံခြုံရေးအင်အားတိုးမြှင့် ကင်းပတ်နေ

961
Photo: CJ

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ယခုလအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်များ အင်အားတိုးမြှင့်ကာ ကင်းပတ်လှည့်လည် စစ်ဆေးမှုများနှင့် မြို့နှင့်ထိစပ်နေသည့် ရပ်ကွက် ဝင်လမ်း၊ ထွက်လမ်း နေရာများအား အထိုင်စစ်ကတုတ်မျာတွင် လုံခြုံရေးတိုးမြှင့်ချထားမှုများရှိလာနေကြောင်း မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့ခံတစ်ဦးက “မြဝတီမှာက တောဘက်နဲ့ ဝင်ထွက်လို့ရတဲ့ အောင်မြေ ရွှေဘုံ၊ မြေနီကုန်း၊ မြစန္ဒီကုန်း၊ ကျောက်လုံးကြီး ၊ စစ်မှုထမ်းဟောင်းကွက်သစ်၊ ကုန်သွယ်ရေးဇုံ၊ ဖားချောင်း၊ ရွာသစ်၊ တုံးတံတား၊ မဲကနယ်၊ ညီနောင် ကွက်သစ်အထိ စစ်ကောင်စီတပ် ၊ BGF တပ်တွေရဲ့ အထိုင်စစ်ကတုတ်တွေ တပ်စွဲထားတယ်၊ အခုလ ဆန်းရက်ကတည်းက မြို့တွင်းမြို့ပြင်ကို စစ်တပ်နဲ့ BGF ပူးပေါင်း အင်အား၂၀၀ က ကင်းပတ် နေရတယ်။ “ဟု ပြောသည်။

မြဝတီမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်တော်လှန်သည့် လက်နက်ကိုင် ပူးပေါင်းတပ်များ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့်အတွက် သတိဝီရိယဖြင့် သွားလာလှုပ်ရှားနေရကြောင်းလည်း ၎င်း မြို့ခံက ဆက်ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်အာဏာသိမ်း စစ်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးထိန်းချုပ်ထားသည့် အခြေအနေသာရှိတော့သည့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန်မြို့တို့မှာ မြို့အနီး ဒေသကျေးရွာ များဘက်တွင် စစ်ကောင်စီတပ်များနှင့် ဒေသတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တော်လှန်ရေးအဖွဲ့ များနေ့စဉ် ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် မြို့တွင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများမှာ အလှည့်ကျရုံးတက် သတင်းပို့ ဂျူတီ စောင့်ရသည့် အခြေအနေဖြင့် နေထိုင်နေကြရကြောင်း ဌာနဆိုင်ရာ Non CDM ဝန်ထမ်းများ နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

” ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေက အလှည့်ကျ ဂျူတီစောင့် ၊ ကြေးနန်းပို့၊ စာဖြန့် ၊ စာဝေ ပုံစံမျိုးပဲရှိတော့တယ်၊ စည်ပင်တို့၊ ထွေအုပ်တို့ အကောက်အခွန်တို့ လဝကတို့က ရုံးတွေတော့ ဖွင့်ပြီး နေရတယ်။ လမ်းဂိတ်ပူးပေါင်း စစ်ဆေးရေးလုပ်တာမျိုးမှာ ဂျူတီချပေးရတယ်။ မြဝတီ -ကော့ကရိတ်-ကျုံဒိုး လမ်းဆို အပစ်အခတ်က ဘယ်အချိန် ဖြစ်မလဲ၊ လက်နက်ကြီး ဘယ်အချိန်ပစ်ချမလဲ မသိဘူး။ လမ်းလုံခြုံရေးက စိတ်မချရဘူး ဖြစ်နေပြီ။ ပြည်နယ်ဖားအံမြို့နဲ့ လှိုင်းဘွဲ -မြိုင်ကြီးငူလမ်းပိုင်း လောက်ပဲ သွားလို့ ရတော့တယ်”ဟု စစ်ကောင်စီ ဌာနဆိုင်ရာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။

မြဝတီမြို့တွင် မြို့တွင်း တိုက်ခိုက်မှုများ ဖြစ်ပွားမှု မရှိစေရေးစစ်ကောင်စီတပ်နှင့် BGF တပ်များ အင်အားပြည့် ကင်းလှည့် စစ်ဆေးနေသော်လည်း မြို့နေရပ်ကွက်များအတွင်း၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။

ထို့အပြင် မြဝတီမြို့တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက တိုက်ပွဲအတွင်း လျှပ်စစ်တိုင်များ ထိခိုက်ပျက်စီးသွား၍ လျှပ်စစ်မီး ပြတ်တောက်နေသည့် အခြေအနေမှာ တစ်လနီးပါးရှိလာပြီဖြစ်ပြီး လျှပ်စစ်မီး ပြန်လည် မရရှိ သေး သည့်အတွက် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအနေဖြင့် ဖုန်း၊ ပါဝါဘဏ့်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရပ်ကွက်အလိုက် စုရပ်များတွင် အလှည့်ကျ အားသွင်းစနစ်ဖြင့် အသုံးပြုနေထိုင်နေကြရကြောင်း သိရှိရသည်။