Home သတင်း ကော်သူးလေ တပ်မဟာ(၅)ထံ လက်နက်ချပူးပေါင်းလာသည့် စစ်ကောင်စီတပ်သား (၂)ဦးအား ဆုငွေများချီးမြှင့်

ကော်သူးလေ တပ်မဟာ(၅)ထံ လက်နက်ချပူးပေါင်းလာသည့် စစ်ကောင်စီတပ်သား (၂)ဦးအား ဆုငွေများချီးမြှင့်

702

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ တပ်မဟာ(၅)ထံသို့ လက်နက်ချ လာရောက်ပူးပေါင်းခဲ့သည့် စစ်ကောင်စီတပ်သား (၂)ဦးအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း KNU မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၈) ခြေမြန်တပ်ရင်း-ခမရ (၄၀၁) တပ်သားသာလှ (၂၄)နှစ်နှင့် ရဲသီဟထွန်း (၂၁)နှစ်တို့သည် ပြီးခဲ့သည့် သြဂုတ်လ (၂၁) ရက်နေ့တွင် တပ်ကို စွန့်ခွာကာ (3A−4)လက်ဖြောင့်သေနတ် (၁)လက်၊ ကျည်(၁၆)တောက်နှင့်အတူ ကော်သူးလေ တပ်မဟာ ၅ထံသို့ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြထားသည်။

လက်နက်ယူဆောင်လာသူ တပ်သားမောင်သာလှကို (၁၅)သိန်းကျပ်နှင့် လက်နက်မယူဆောင်လာသူ တပ်သားရဲသီဟထွန်းအား (၅)သိန်းကျပ် ဆုငွေပေးအပ်ခဲ့ကြောင်းလည်း မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်များသည် KNU တပ်မဟာ ၅ ထံသို့ လာ‌ရောက်ပူး‌ပေါင်းမှု ပိုမိုလုပ်‌ဆောင်လာသလို ၂၀၂၁ ခုနှစ်အ‌စောပိုင်းမှ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်‌နေ့အထိ လာ‌ရောက်ပူး‌ပေါင်းသည့် စစ်‌ကောင်စီတပ်သား ၈၀ ဦးကျော်ရှိသည်ဟု ကော်သူးလေ တပ်မဟာ ၅ ထုတ်ပြန်ထား‌သော မှတ်တမ်းအရ သိရသည်။