Home သတင်း ဖားအံအကျဉ်းထောင်တွင် ပုဒ်မ (၅၀၅)ဖြင့် ထောင်ချခံထားရသည့် လူငယ်တစ်ဦး ပြန်လည်လွတ်မြောက်

ဖားအံအကျဉ်းထောင်တွင် ပုဒ်မ (၅၀၅)ဖြင့် ထောင်ချခံထားရသည့် လူငယ်တစ်ဦး ပြန်လည်လွတ်မြောက်

674
Photo: CJ

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံအကျဉ်းထောင်တွင် ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးထောင်ချခြင်းကိုခံရသည့် လူငယ်တစ်ဦးဖြစ်သူ ကိုဟိန်းနောင်သည် ယနေ့ စက်တင်ဘာလ (၃၀)ရက် နံနက်(၇)နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာသည်ဟု နီးစပ်သူထံမှ သိရသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖားအံမြို့တွင် တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြလူငယ်များ အများအပြား ဖမ်ဆီးထောင်ချခြင်းခံရပြီး ကိုဟိန်းနောင်၏ ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဓာတ်ပုံများတွေ့ရှိခြင်းကြောင့် စစ်ကောင်စီတပ်က ဖမ်ဆီးချုပ်နှောင်ပြီး ပုဒ်မ (၅၀၅)ဖြင့် အမှုဖွင့်ထောင်ချခဲ့သည်။

“ဒီမနက်(၇)နာရီလောက်မှာ လွတ်လာတယ်။ ဖမ်းသွားတာက အရင်နှစ်ကုန်ပိုင်းလောက်ကပဲ။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပက်သတ်တဲ့ ပုံတွေ့လို့ဖမ်းတာပဲ။ (၅၀၅)နဲ့ CDM ဆရာမတွေတော့ မလွတ်သေးဘူး။ လွတ်လာတဲ့ ကိုဟိန်းနောင်အတွက်လည်း ပျော်ရသလို အိမ်ကို ပြန်မလာနိုင်သေးတဲ့ မောင်လေးတွေအတွက်လည်း မျက်ရည်ကျရတယ်လေ။ အခုသူတို့မိသားစုနဲ့လည်း ပြန်ဆုံနိုင်ကြတော့ ဝမ်းသာပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် မေလက အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှု မလုပ်ဆောင်ခင်အချိန်ထိ ဖားအံထောင်ထဲတွင် အကျဉ်းသူ/သားပေါင်း ၁၆၀၀ ခန့်ရှိကြောင်း ခန့်မှန်းကြသော်လည်း အတိအကျကိုမူ ကေအိုင်စီက သီးခြားအတည်မပြုနိုင်ပါ။ လက်ရှိ ဖားအံအကျဉ်းထောင်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ကျောင်းဆရာ၊ ဆရာမ ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟု နီးစပ်သူများက ပြောသည်။