Home သတင်း စစ်ကောင်စီတပ်၏ လက်ယက်ကုန်းရွာ ကလေးငယ်များသတ်ဖြတ်မှုအား မဲဆောက်ဒေသ မြန်မာပြည်လူထုအသံလှုပ်ရှားမှုအဖွဲ့ ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်

စစ်ကောင်စီတပ်၏ လက်ယက်ကုန်းရွာ ကလေးငယ်များသတ်ဖြတ်မှုအား မဲဆောက်ဒေသ မြန်မာပြည်လူထုအသံလှုပ်ရှားမှုအဖွဲ့ ဆန့်ကျင်ရှုတ်ချပွဲပြုလုပ်

664
Photo: Thaung Yin Nagar

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းမှ ကလေးငယ်များနှင့် ရပ်မိရပ်ဖများအား စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုအား ဆန့်ကျင်ရှုတ်ချ ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှု အစီအစဥ်အား ထိုင်း-မြန်မာနယ်စပ်မဲဆောက်ဒေသ မြန်မာပြည်လူထုအသံ လှုပ်ရှားမှုအဖွဲ့မှ ယနေ့ နံနက်ပိုင်းက မဲဆောက်စျေးကြီးကုန်းနေရာတွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာတွင် စစ်ကောင်စီလေကြောင်းနှင့် မြေပြင်စစ်ကြောင်းများမှ ကျေးရွာအတွင်းနှင့် ကျေးရွာ စာသင်ကျောင်းမှကလေးငယ်များ ရပ်မိရပ်ဖများအား စစ်ကောင်စီတပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျောင်းစာသင်နေသည့် ကလေးငယ် ၇ ဦးနှင့် ရပ်ရွာ လူကြီး ၆ ဦးပေါင်း ၁၃ ဦးသေဆုံးခဲ့ရပြီး ဒေသခံရွာသား ၂၀ ဦးခန့်အား ဓားစာခံ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်အား ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုတွင် မြန်မာနိုင်ငံခေါင်းဆောင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်အပါအဝင် မတရားဖမ်းဆီးထားသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြည်သူများ၊ နိုင်ငံရေး အကျဥ်းသားများအား ပြန်လွတ်ပေးရေး၊ စစ်အာဏာသိမ်းထားသည့် အခြေအနေမှ ပြည်သူ့အာဏာပြည်သူထံ ပြန်လည်အပ်နှင်းရေး သဘောထားကြေညာချက်များ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါသည်။