Home သတင်း ဖမ်းမိ စစ်ကောင်စီတပ်သား ၈ ဦးအား စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားဟု KNU ပြော

ဖမ်းမိ စစ်ကောင်စီတပ်သား ၈ ဦးအား စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းထားဟု KNU ပြော

863

စက်တင်ဘာ ၇ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ

မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းမတစ်နေရာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိသော စစ်ကောင်စီအရာရှိနှင့် တပ်သား ၈ ဦးအား အဖွဲ့၏စစ်သုံ့ပန်းမူဝါဒများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်း ထားသည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ကေအိုင်စီသို့ ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရေနီမြို့နယ် အခြေစိုက် အမှတ်(၅) စစ်အခြေခံလေ့ကျင့်ရေးတပ်စခန်းမှ စစ်သင်တန်း တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာတွင် အခြေစိုက် ခြေမြန်တပ်ရင်း ခမရ -၃၄၃ တွင် တာဝန်ထမ်းဆောင်ရန် တပ်သားဇင်မိုးအောင်၊ တပ်သားမောင်မောင်ထွေး၊ တပ်သားကျော်မင်းခန့်၊ တပ်သား ပြည့်စုံဦး၊ တပ်သားပြည့်ဖြိုးအောင်၊ တပ်သား စည်သူထက်၊ တပ်သားထိုက်ထိုက်ဇော်နှင့် ထိုတပ်သားများအား လာကြိုသည့် ခမရ-၃၄၃ တပ်ရင်းမှ တပ်ထောက်အရာခံဗိုလ်လှတင်တို့သည် အိမ်စီးကားဖြင့် သံဖြူဇရပ်-ရေးကားလမ်းမတစ်နေရာတွင် KNU တပ်မဟာ ၆နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဒူးပလာယာခရိုင် (တပ်မဟာ ၆) ၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်က “ စစ်ကောင်စီမှားတိုင်း ကျနော်တို့ လိုက် မှားလို့ မရပါဘူး။ အဆိုးကို အဆိုးနဲ့ လိုက်ယှဉ်လို့ မဖြစ်ပါဘူး။ ကိုယ့်ရဲဘော်တွေ စားရသလို သူတို့လည်း စားရပါ တယ်။ စစ်သုံ့ပန်းပေါ်လစီအရပဲ ကျနော်တို့ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ KNU က ကိုယ့်ရဲ့ရည် ရွယ်ချက် ရည်မှန်းချက်သွားတဲ့နေရာမှာ စစ်ကောင်စီလို ရွာဖျက်၊ မီးရှို့၊ လူသတ်တဲ့အရာမျိုးကိုတော့ သူတို့နဲ့ လိုက်ပြိုင်လို့ မရဘူးပေါ့လေနော်။ ကျနော်တို့ မူပေါ်လစီအတိုင်း ဆောင်ရွက်သွားမယ်” ဟု ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယခုဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၈ ဦး၏ အခြေအနေအသေးစိတ်ကိုလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ-ICRC ထံ အသိပေးအကြောင်းကြားရန် ပြင်ဆင်လုပ်ဆောင်နေသည်ဟုလည်း ပဒိုစောလစ္စတန်က ဖြည့်စွက်ပြောဆိုသည်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသူ ဒုအရာခံဗိုလ် လှတင်က “တပ်ရင်းအတွက် ခွဲဝေရရှိတဲ့ သင်တန်းသားတွေကို သွားခေါ်ရင်းအပြန်မှာ ဖမ်းဆီးခံရတယ်။ ကျနော်တို့အောက်ခြေရဲဘော်တွေကတော့ စစ်တပ်အာဏာသိမ်းတာ လုံးဝလက်မခံပါဘူး‌ပေါ့နော်။ မိသားစုအခြေအနေကြောင့်ရယ်၊ အသက်ကြီးလာလို့ ပင်စင်ကိုမျှော်ကိုးပြီးတော့ တပ်ထဲမှာ ဆက်ရှိနေတာပါ။ ဖမ်းဆီးခံနေရပေမယ့် ကျနော်တို့အားလုံးကို ကောင်းကောင်းမွန်မွန်ပဲထားပါတယ်” ဟု ပြောသည်။

တိုင်းပြည်အာဏာကို စစ်တပ်သိမ်းယူပြီးနောက် တပ်မတော်သားများ စစ်မှုထမ်းလိုသည့် ဆန္ဒမရှိတော့၍ တပ်မှစွန့်ခွာသွားခြင်း၊ တိုက်ပွဲအတွင်း ကျဆုံးမှုများလာနေခြင်းရှိသည့်အပေါ် တပ်သားလိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရန် ပြစ်မှုကျူးလွန်ထားသူများအား ပြစ်ဒဏ်မှ လွှတ်ကင်းပေးမည်ဟု စည်းရုံးခေါ်ယူ လျက်ရှိကြောင်း ဖမ်းဆီးခံ စစ်သုံ့ပန်းများ၏ ပြောဆိုချက်များအရ သိရသည်။

“ ခိုက်ရန်မှုနဲ့ ရန်ဖြစ်ကြတာ ပြဿနာတက်တယ်။ တပ်က ကူညီပေးမယ်ဆိုလို့ တပ်ကြပ်ကျော်ဦးက ပြောပြီး စစ်တပ်ထဲရောက်သွားတယ်။ သင်တန်းသား ၁၂၄ ယောက်ကို စစ်သင်တန်း ၆ လ သင်ပေးတယ်။ ဆေး၊ မူးယစ် ၊ လောင်းကစား၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် တပ်ထဲကို ရောက်လာတာများတယ်။ စစ်တပ်ကို ဆန္ဒပြခဲ့တဲ့ လူတွေလည်း တပ်ထဲရောက်တာရှိတယ်။ ကိုယ်စီအကြောင်းအရာပြဿနာတွေကို ဖြေရှင်းလို့မရတော့လို့ တပ်ထဲရောက်လာ ကြသူတွေများတယ်။” ဟု တပ်သား စည်သူထက်က ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲများ ရက်ရှည်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၃ဝ နီးပါး ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကာ အဖွဲ့၏ မူဝါဒလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။