Home သတင်း ဝဥဈေးများမရှိသောကြောင့် ဝဥလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ စားဝတ်နေရေး ခက်ခဲလာ

ဝဥဈေးများမရှိသောကြောင့် ဝဥလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ စားဝတ်နေရေး ခက်ခဲလာ

136
Photo: CJ

စက်တင်ဘာ၂၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ရှိ ကျေးရွာများတွင် ယခုနှစ် ဝဥဝယ်ယူ သူများမရှိသောကြောင့် ဝဥစိုက်ပျိုးရေးလုပ်ငန်းဖြင့်သာ အဓိက အသက်မွေးဝမ်းကျောင်း ပြုသူများအနေဖြင့် စားဝတ်နေရေး ခက်ခဲလာသည်ဟု ဝဥလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

ယခင်က ဝဥကိုဝယ်ယူသည့်ကုန်သည်များသည် ထားဝယ်ခရိုင်အထိ ဈေးကောင်းပေးဝယ်ယူကြသဖြင့် အ‌ရှေ့တောနယ်ရှိကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလာကြလျက်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလ ယခုနှစ် စက်တင်ဘာလတွင်မှု ဝယ်လက်များမရှိ၊ ဈေးနှုန်းလည်းမရှိသောကြောင့် မတူးဘဲပစ်ထား ရသည့်အခြေအနေအထိရှိလာသည်ဟု ဝဥလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက”၂၀၂၁ က ဆိုရင် ဝဥဈေးက တစ်ပိဿာကို ၁၂၀၀ ထိပေါက်တယ်၊ ၂၀၂၀တုန်းက ၁၈၀၀၊ အခုနှစ်ကျတော့ ဝယ်တဲ့သူတွေ မရှိဘူး။ အရင်နှစ်ကလောက်၊ မနှစ်ကဆိုရင် တောင်ကိုယ့်အတွက်က အမြတ် ၁,၀၀၀ လောက်ကျန်တယ်။ အခုနှစ်ကျတော့ ခုနက ပြောသလိုပဲ ဝယ်တဲ့လူမရှိတာရယ်၊ တိုက်ပွဲကခဏခဏ ဖြစ်နေတော့ လမ်းခရီး အခြေအနေကြောင့်ရယ် တချို့တွေဆို ဝဥကဈေးမရှိလို့စိုက်ထားပြီး မတူးဘဲ ဒီတိုင်းပဲ ပစ်ထားလိုက်ရတဲ့အခြေအနေထိတောင်ရှိသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်၊၊

ယခုနှစ်တွင် ပြင်ပမှကျေးရွာသို့ လာရောက်ဝယ်ယူသည့် ကုန်သည်အချို့က လမ်းခရီးအခက်အခဲကို အကြောင်းပြပြီး ရွာသူရွာသားများအပေါ် ဈေးနှိမ်ပြီးလာရောက်ဝယ်ယူကြသော်လည်း ဝဥလုပ်ငန်း တစ်မျိုးတည်းကိုသာ လုပ်ကိုင်သူများဖြစ်ခြင်းကြောင့် မရောင်းချင်ဘဲရောင်းလိုက်ရသည်ဟု ဝဥလုပ်ငန်းလုပ်ကိုင်သူတစ်ဉီးက ပြောသည်။

သူက “ ရွာသားတွေအဖြစ်က ဖက်ပေါ်ဆူးကျလည်း ဖတ်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်ပဲ ဖြစ်နေတာ။ ဝဥက တူးခတစ်ပိဿာ ၁၀၀၊ ကမ်းကူးခတစ်ပိဿာ ၁၀၀ ပေးရသေးတယ်၊ ဒါတောင်မြို့မရောက်သေးဘူးနော်၊ မြို့ထိဆိုကားခက ၂၀၀ လောက်ရှိတယ်။ မြို့ရောက်ရင် မြေကြီးဖြတ်အုံးမှာနဲ့ဆိုရင် တစ်ပိဿာ ၃၀၀ လောက်ပဲ ကျန်တယ်။ အခုချိန် ၁၀၀၀ ထွက်မှ ၃ သိန်းပဲ ကျန်တာ၊ ဒါတောင်ခြံရှင်းခတွေစားစရိတ်တွေ ရှိတယ်။”ဟု ပြောသည်၊၊

မြန်မာနိုင်ငံတွင် ဝဥလုပ်ငန်းကို စီးပွားဖြစ်လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ကြလျက်ရှိပြီး ယခုနှစ်တွင် ဝဥထွက်ရှိရာ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဝဥဝယ်ယူ ပြန်ရောင်းချသည့် အဝယ်ဒိုင်များမရှိဘဲ ဖြစ်နေသည်ဟု ဝဥလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။