Home သတင်း မြို့နယ် ၃ခု လျှပ်စစ်မီးပြတ်တောက်သည့်ကာလ တစ်လကျော်ကြာ ပြုပြင်နိုင်ခြင်းမရှိ၍ ပြည်သူများ စိတ်ပျက်

မြို့နယ် ၃ခု လျှပ်စစ်မီးပြတ်တောက်သည့်ကာလ တစ်လကျော်ကြာ ပြုပြင်နိုင်ခြင်းမရှိ၍ ပြည်သူများ စိတ်ပျက်

465
Photo: CJ

စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့ အပါအ၀င် မြို့နယ် ၃ ခု လျှပ်စစ်မီး ပြတ်တောက်နေသည့်အပေါ် ပြုပြင်နိုင်ရန် သတင်းအမျိုးမျိုးထွက်နေသော်လည်း မီးပျက်နေသည့်ကာလ တစ်လအကျော်ကြာလာချိန်အထိ ပြုပြင်နိုင်ခြင်းမရှိသေးသည့်အတွက်စိတ်ပျက်နေရသည်ဟု မြ၀တီမြို့ခံများက ပြောသည်။

“မီးပြင်ဖို့က ကြာအုန်းမယ်ထင်တယ်ဗျ ။ အခုထိ အဲ့ဒီနေရာကို သွားဖို့ မဖြစ်နိုင်သေးဘူး။ မြို့မှာတော့ သတင်းတွေ က အမျိုးမျိုး လွှင့်နေတာပေါ့၊ ဘာကိုယုံရမှန်းမသိဘူး။ ကရင်အဖွဲ့တွေကိုပြောရင် နားထောင်တယ်ဆိုတဲ့ ဘုန်းကြီး တွေနဲ့ မီးပြင်တာကို မတိုက်ခိုက်ဖို့တောဘက်ကရင်အဖွဲ့တွေကို ညှိနှိုင်းနေတယ်တို့၊ စစ်တပ်နဲ့ BGF က ဒီနေ့ပဲ အဲ့ဒီဓါတ်တိုင်ပျက်တဲ့နေရာကို စစ်ကြောင်း၀င်ပြီး ရှင်းပေးမယ်တို့၊ မိုင်းတွေ ထောင်ထားတယ်တို့၊ စနိုက်ပါနဲ့ ပစ် မယ်တို့မျိုးစုံပေါ့၊ မြို့လူထုကြားမှာ ပြောသံကြားနေရတာ၊ အခုမြို့ ၃ မြို့မီးပျက်နေတာ ၁ လကျော်လာပြီး မီးပြန်မရသေးဘူး၊ နေ့တိုင်း မီးအားသွင်းပြီး ပြန်သုံးနေရတယ်”ဟု မြ၀တီမြို့ခံတစ်ဦးက ပြောသည်။

မြ၀တီ-ကော့ကရိတ်အာရှ လမ်းသစ်လမ်းပိုင်းအတွင်း ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်က အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲ ဖြစ်စဉ်အတွင်း လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုကြောင့် အံကလော်ရွာနှင့် ကော့နွဲကျေးရွာအကြား လျှပ်စစ်ပင်မဓါတ်အားတိုင် ၂၃၀ ကေဗွီဓါတ်တိုင် ၂ခု ထိခိုက်ပျက်စီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဓာတ်တိုင်များ ပျက်စီးသွားခဲ့သည့်အတွက် မြ၀တီ ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၃ ခု နှင့် ကျေးရွာ ၃၀ ခန့် လျှပ်စစ်မီး ပြတ်တောက်နေသည့်ကိစ္စအား စစ်ကောင်စီ လျှပ်စစ်ဌာနမှ ပြုပြင်ရန် လုပ်ဆောင်စဉ် တိုက်ပွဲ ထပ်မံဖြစ်ပွားသဖြင့် လျှပ်စစ်၀န်ထမ်း ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရှိခဲ့ပြီးသည့်နောက်ပိုင်း ထိုဓါတ် တိုင်အား ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း မြ၀တီလျှပ်စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo: CJ

၎င်းက “မီးတိုင်ကြီးတွေက အခုထိ မပြင်နိုင်သေးဘူး။ မြ၀တီမှာတော့ ထိုင်းမီးလိုင်းနဲ့အရေးကြီးနေရာတွေကို ပြောင်းသွယ်ပေးထားတယ်။ မြို့ထဲရပ်ကွက်တွေတော့ မီးမရသေးဘူ။ လမ်းဆုံ နေရာ ၄ ခုမှာတော့ မီးအားသွင်း နိုင်ဖို့ မီးခုံတွေ တပ်ဆင်ပေးထားတယ်။ တခြားမြို့တွေကတော့ အလှည့်ကျ မီးစက်နဲ့ မီးပေးတာတို့၊ ကိုယ်ပိုင် မီးစက်၊ ဆိုလာပြားတို့နဲ့ မီးသုံး နေကြရတယ်။ လုံခြုံရေးက စိတ်မချရသေးတော့ ပြန်သွားပြင်ဖို့ မဖြစ် နိုင်သေးပါဘူး၊ “ဟု ပြောသည်။

အဆိုပါ လျှပ်စစ် ဓါတ်အားပေးသွယ်တန်းထားသည့် ဓါတ်တိုင် နေရာ ၂ခုမှာ KNU တပ်မဟာ၆ နယ်မြေအတွင်း KNLA ပူးပေါင်းတပ်များရှိရာနေရာများဘက်သို့ စစ်ကောင်စီတပ်များ စစ်ဆင်တိုက်ခိုက်နေသည့် နေရာ ဒေသကျေးရွာများဖြစ်ပြီး၊ လေယာဉ်၊ လက်နက်ကြီး၊ မြေပြင် စစ်ကြောင်းများ မကြာခဏ တိုက်ခိုက်လုပ်ဆောင်နေသည့် နှစ်ဖက် စစ်ရေးတင်းမာနေသည့် ဒေသလည်းဖြစ်သည်။

ယခု ကာလအတွင်း KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်မှ စစ်ဆင်တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်လာနေသည့်အတွက် ဘုရားသုံးဆူ၊ ကော့ကရိတ်၊ ကြာအင်းဆပ်ကြီး၊ ကျုံဒိုးဒေသများအတွင်း တိုက်ပွဲ များဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသအတွင်းကျေးရွာ ဒေသခံ များ စစ်ဘေးရှောင် ၁ သိန်းဝန်းကျင်ခန့်မှာ တိုက်ပွဲလွတ်ရာသွားလာနေထိုင် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။