Home သတင်း ညမထွက်ရအမိန့် ထုတ်ထားသော်လည်း ကော့ကရိတ်မြို့ လောင်းကစားရုံတွင် လူစည်ကားဆဲ

ညမထွက်ရအမိန့် ထုတ်ထားသော်လည်း ကော့ကရိတ်မြို့ လောင်းကစားရုံတွင် လူစည်ကားဆဲ

830

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့များတွင် စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း ကော့ကရိတ်မြို့အမှတ်(၇)ရပ်ကွက်၊ တံတားဦးနားရှိ လောင်းကစားရုံ၌ ညတိုင်းလူစည်ကားနေဆဲဖြစ်သည်ဟု မြို့ခံပြည်သူများက ပြောသည်။

ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့သည် ညအချိန် ဈေးဝယ်ထွက်လာသည့် ပြည်သူများအား ဒဏ်ငွေရိုက်ခြိမ်းခြောက်မှုများလုပ်ဆောင်သော်လည်း လောင်းကစားရုံတွင်မူ လူအမြဲစည်ကားနေသည်ဟု ဒေသခံများက ပြောသည်။‌

ပြီးခဲ့သည့် ဩဂုတ်လတွင် ကော့ကရိတ်မြို့ရှိရဲစခန်း ၂ ခုကို စစ်အာဏာရှင်တော်လှန်နေသည့်တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီးနောက် ကော့ကရိတ်မြို့တွင် ညမထွက်ရအမိန့်ကို အချိန်ထပ်တိုး ထုတ်ပြန်ခဲ့သည်။

လက်ရှိ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အခြေအနေနှင့်ပတ်သက်၍ မြို့ခံ ပြည်သူတစ်ဦးက “ညမထွက်ရအမိန့်ထုတ်ထားတာက လူကောင်းတွေအတွက်ပဲ။ သူခိုးနဲ့ လောင်းကစားသမားတွေ အတွက်မပါဘူးလို့ပဲ ယူဆရမလိုဖြစ်နေပါတယ် ” ဟု ပြောသည်။

ယခုကဲ့သို့လောင်းကစားရုံများရှိနေသောကြောင့် ဒေသခံပြည်သူများ၏ တန်ဖိုးကြီးသည့် ပစ္စည်းများ ပျောက်ဆုံးမှုများးနှင့် ဆိုင်ကယ်များအခိုးခံရမှုများလာသဖြင့် ပြည်သူများအတွက် လုံခြုံမှုကင်းမဲ့လာသည်ဟု ကော့ကရိတ်ဒေသခံ တစ်ဦးကလည်း ယခုလို ပြောသည်။

၎င်းက “ညမထွက်ရ အမိန့်ထုတ်ပြီး ညဘက်လောင်းကစားတွေခွင့်ပြုနေတာကြောင့် ညဘက်တွေဆို တန်းဖိုးကြီးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ ခဏခဏပျောက်နေတယ်။ အစ်ကိုအိမ်ဘေးက ဦးလေးတစ် ယောက်ဆို နေလည်ခင်းပဲအိမ်ထဲမှာထားတဲ့ ဆိုင်ကယ်ခိုးခံရတယ်”ဟု ပြောသည်။

ကော့ကရိတ် အမှတ် ၇ ရပ်ကွက် တံတားဦးနှင့် ရန်ကုတ်ဘက်ကိုသွားသည့်လမ်းဘေးတွင်ရှိသည့် လောင်းကစားရုံသည် စစ်အာဏာမသိမ်းခင်ကတည်းက ဖွင့်လှစ်ထားသည့် လောင်းကစား ရုံတစ်ရုံဖြစ်ပြီး ငါးဂိမ်း၊ အံကလုံ၊ ကြက်ဝိုင်း၊ ကာစီနိုနှင့် ဖဲဝိုင်းတို့ကို အဓိက ကစားလျက်ရှိသည်ဟု သိရသည်။

အဆိုပါ လောင်းကစားရုံသည် နေ့ရောညပါ နယ်ခြားစောင့်တပ် -BGF စစ်သားများက လုံခြုံရေးစောင့်ပေးနေရပြီး လောင်းကစား လာရောက်ပြုလုပ်သူများဖြင့် ညတိုင်းစည်ကားနေကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

အလားတူ ကရင်ပြည်နယ်ရှိ မြဝတီ၊ လှိုင်းဘွဲ၊ ဖားအံနှင့် ကြာအင်ဆိပ်ကြီး စသည့် မြို့များတွင်လည်း ယခုလပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ ပိုမိုများလာ၍ သတိဝိရိယဖြင့် နေထိုင်၊ သွားလာနေကြရသည်ဟု ဒေသခံများက ပြောသည်။