Home သတင်း ကေအဲန်ယူ၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲရေးသင်တန်း ပြုလုပ်ပြီးစီး

ကေအဲန်ယူ၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲရေးသင်တန်း ပြုလုပ်ပြီးစီး

312
Photo: KNU

စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးစီးပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်စီမံခန့်ခွဲရေး သင်တန်းကို ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည်ဟု သိရသည်။

ပြည်သူလူထုများအား အုပ်ချုပ်စီမံခန့်ခွဲရာတွင် ပိုမိုကောင်းမွန်ပြီး စနစ်တကျသည့် အုပ်ချုပ်ရေး စီမံခန့်ခွဲရေးဖြစ် လာစေရန်နှင့် အများပြည်သူများနှင့် ဆက်ဆံရာတွင် ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ပြီး ထိုသင်တန်းကို စက်တင်ဘာလ ၅ ရက်မှ ၃၀ ရက်နေ့အထိ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

ကေအဲန်ယူ ဗဟိုတွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောဆဲဘွယ်က “ကျနော်တို့ရဲ့ ဝန်ထမ်းတွေရဲ့ အုပ်ချုပ်စီမံမှုတွေကို ပိုမိုကောင်းမွန်လာဖို့အတွက် ကျနော်တို့လည်း ကြိုးစားနေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ကျနော်တို့နဲ့အတူ ပူးပေါင်းကူညီလုပ်ဆောင်စေချင်ပါတယ်။ ကျနော်တို့ရဲ့ ဝန်ထမ်းတွေရဲ့ အားနည်းချက်တွေကိုလည်း အရှိအတိုင်း အပြုသဘောဆောင်ပြီး ထောက်ပြဝေဖန်စေချင်ပါတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ယင်းသင်တန်းတွင် ကောင်းမွန်သော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် နှင့်သယံဇာတဆိုင်ရာ၊ အခွန်နှင့်ဘဏ္ဍာရေးနှင့် လုံခြုံရေးစသည့် အကြောင်းရာများကို အဓိက သင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။

ယခုလို သင်တန်း ပြုလုပ်ပေးသည့်အတွက် ကေအဲန်ယူ၏ အုပ်ချုပ်ရေးဝန်ထမ်းများအတွက် အလွန်အကျိုး ကျေးဇူးရှိပြီး အားနည်းချက်များရှိနိုင်သည့် အုပ်ချုပ်ရေးကဏ္ဍရပ်များကို ပိုမိုပြည့်စုံ အားကောင်း လာစေရန် ပညာရှင်များက လာရောက်သင်ကြားပေးသည့်အတွက် မိမိဝန်ထမ်းများအနေဖြင့် လက်တွေ့ပြန်လည် အသုံးပြု ရန်အတွက် ပိုမိုအထောက်အကူပြုစေသည်ဟု သင်တန်းတက်ရောက်လာသူ ဖားအံခရိုင်၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနမှ ပဒိုစောလေးထူးက ပြောသည်။

Photo: KNU

၎င်းက “လက်တွေ့ပြန်လည်အလုပ်ဖော်ဆောင်ရာမှာ ရာနှုန်းပြည့်မဟုတ်သည့်တောင်မှ ၈၀ ရာနှုန်းလောက် လက်တွေ့အကျိုးပြုနိုင်မယ်လို့ ယူဆတယ်၊ ဒါတွေကတော့ တစ်ဦးတစ်ယောက်နဲ့ လုပ်မရတဲ့အတွက်‌ကြောင့် ဌာနအသီးသီး ဝန်ထမ်းတွေရဲ့ ကြိုးစားမှုတွေမှာလည်း အများကြီး မူတည်နေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တစ်လနီးပါးကြာ ပြုလုပ်သည့် အဆိုပါ သင်တန်းတွင် ကေအဲန်ယူ ဖားအံခရိုင်၊ ဒူးပလာယာခရိုင်နှင့် မြိတ်-ထားဝယ်ခရိုင်တို့မှ တာဝန်ခံ ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ ကရင်အမျိုးသမီးအစည်းရုံး(KWO)နှင့် မဟာမိတ်အဖွဲ့အစည်းမှ လူငယ်ကိုယ်စား လှယ်များအပါအဝင် ကိုယ်စားလှယ် ၃၀ ကျော်တက်ရောက်ခဲ့ကြသည်။

ပထမအကြိမ်သင်တန်းကို ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေ မြောက်ပိုင်း ခရိုင် ၄ ခုဖြစ်သည့် သထုံ၊ တောင်ငူ၊ ညောင်လေးပင်နှင့်ဖာပွန်ခရိုင်တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ဦးခန့်အား လွန်ခဲ့သည့် ဧပြီလအတွင်း သင်တန်း ပြုလုပ်ပေးခဲ့သည်။ ရှေ့လာမည့် သင်တန်းများကို ခရိုင်၊ မြို့နယ်အဆင့် မကဘဲ ကျေးနယ်အထိ သင်တန်းပို့ချသွားရန်စီစဉ်လျက်ရှိသည်ဟု သိရသည်။