Home သတင်း နဘူး၊ နောင်နိုင်းရွာဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ်နေ

နဘူး၊ နောင်နိုင်းရွာဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲမှုကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံများစိုးရိမ်နေ

1614

ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် တပ်မဟာ (၇)နယ်မြေ၊ တနေးဆား(နဘူး)မြို့နယ်အတွင်းရှိ နောင်နိုင်းကျေးရွာဘုန်းကြီးကျောင်းဝင်းထဲ၌ စစ်ကော်စီတပ်မှ ဝင်ရောက်တပ်စွဲခြင်းကြောင့် နယ်မြေရှင်းလင်း ရေးတိုက်ပွဲများဖြစ်ပွားလာမည်ကိုအနီးအနားရှိ ဒေသခံရွာသားများက စိုးရိမ်နေကြသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ ဩဂုတ်လ (၃၀) ရက်နေ့တွင် နောင်နိုင်းရွာထဲသို့ အရပ်ဝတ်ဖြင့် အင်အား ၄၀ ခန့် ရောက်ရှိလာပြီးနောက် ကျေးရွာဘုန်းကြီး ကျောင်းဝင်းထဲ၌ ဝင်ရောက်တပ်စွဲနေရာယူခဲ့ခြင်းဖြစ်သည်ဟု နဘူးဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ စကစ တပ်က ရွာထဲမှာ စခန်းလာချတဲ့အတွက် ရွာသားတွေက ကြောက်လန့်တော့ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA(PC)က သူတို့ကို ဘုန်းကြီးကျောင်းမှာ ပြန်ပြီးတော့ သွားထားပေးတယ်။ အခုအချိန်မှာ ဒီဒေသက လူထုတွေကတော့ နယ်မြေရှင်းလင်းတဲ့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတာပေါ့။ ဘယ်အချိန် ဘယ်လိုဖြစ်လာမလဲဆိုတာက ရင်တထိတ်ထိတ်နဲ့ပေါ့” ဟု ၎င်းနဘူးဒေသခံက ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲနေထိုင်ခြင်းနှင့်ပတ်သက်၍ ဒေသခံများအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ နဘူးမြို့နယ်တွင် စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်မဟုတ်ကြောင်းနှင့် ယခုရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် နယ်မြေလုံခြုံရေးအတွက်သာ ဖြစ်ကြောင်း KNU/ KNLA(PC)အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ကေအိုင်စီသို့ပြောသည်။

“ ဒီဒေသမှာတော့ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးတော့ လုပ်ဆောင်ဖို့တော့ မကြားရသေးဘူး၊ အခု သူတို့ ရောက်ရှိလာတာကတော့ နယ်မြေလုံခြုံရေးပါပဲ၊ ကျနော်တို့ တပ်ဖွဲ့တွေလည်း ကော့ကရိတ်မြို့ အနီးအနားတွေမှာ လုံခြုံရေးသွားရောက်ယူပေးတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

ထိုစစ်ကောင်စီ စစ်ကြောင်းသည် နောင်နိုင်းကျေးရွာ ဘုန်းကြီးကျောင်းဝင်း၌ ဝင်ရောက်တပ်စွဲနေထိုင်မှုကို ကေအဲန်ယူအနေဖြင့် စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ကေအဲန်ယူ နဘူးမြို့နယ် ဥက္ကဋ္ဌ ဖြစ်သူ ပဒိုသာစောက ပြောသည်။

“ ကျနော်ဘက်ကတော့ အဲ့ဒီစစ်ကြောင်းဝင်လာတဲ့ကိစ္စကိုစောင့်ကြည့်နေပါတယ်။ ဘာပြဿနာမှတော့ အခုထိ မကြားရသေးဘူး။ ပြည်သူလူထုတွေကို ပြဿနာရှာရင်တော့ ကျနော်တို့လည်း မပြောတတ်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ပါ ထိုစစ်ကောင်စီစစ်ကြောင်းသည် မည်သည့် တပ်ရင်း၊ တပ်မဖြစ်သည်ကို ယခုအချိန်တွင် မသိရှိရသေးပေ။ ၎င်းစစ်ကောင်စီစစ်ကြောင်းသည် KNU/KNLA(PC)နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တို့နှင့်အတူ ကောကရိတ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေကြသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောဆိုကြသည်။