Home သတင်း အခိုးခံရသည့် စစ်ဘေးရှောင်ပြည်သူပစ္စည်းများ ပြန်လည်ရောင်းချများရှိနေ

အခိုးခံရသည့် စစ်ဘေးရှောင်ပြည်သူပစ္စည်းများ ပြန်လည်ရောင်းချများရှိနေ

715
Photo: CJ

ဩဂုတ် ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေ၊ မုန်းနှင့် ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူပိုင် ပစ္စည်းအမြောက်အများခိုးယူခြင်းခံရပြီး ခိုးယူထားသည့်ပစ္စည်းများကိုလည်း နီးစပ်ရာမြို့များတွင် ပြန်လည်ရောင်းချ နေသူရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတုန်းက စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား တိုက်ပွဲဖြစ်ပွား၍ ဒေသခံရွာသားများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့်အချိန်တွင် အပြင်သူစိမ်းလူများမှ ကားဖြင့်ဝင်ရောက်လာပြီး စစ်ရှောင်များ၏ ဆိုင်ကယ်နှင့် အိမ်သုံးပစ္စည်းများကို ခိုးယူသယ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် ၎င်းခိုးယူသယ်ဆောင်သွားသည့် ပစ္စည်းအချို့ကိုလည်း ကျောက်ကြီး၊ နတ်သံကွင်းနှင့် စစ်တောင်းမြစ်အနောက်ဘက်မြို့များတွင် ပြန်လည်ရောင်းချသူရှိသည်ကိုတွေ့ရှိရသည်ဟု မုန်းမြို့နယ်မှ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အခိုးခံရတဲ့ ဆိုင်ကယ်တွေဆို ဒီဘက်နတ်သံကွင်းမြို့မှာ ပြန်ရောင်းတာရှိတယ်။ ဘယ်သူဘယ်ဝါလည်းတော့ ကျနော်တို့ စုံစမ်းနေတုန်း။ လူထုတွေက မပြန်ရဲဘူး၊ အဲဒါကို သူခိုးတွေက ရွာမှာရှိတဲ့စစ်တပ်တွေနဲ့ချိတ်ဆက်ထားလို့ ဝင်ရဲတာဖြစ်မယ်။ ဝက်တွေ ၊ ဆိတ်တွေကို သုံးဘီးပေါ်မှာတင်ပြီး သယ်သွားကြတာရှိတယ်”ဟု ပြောသည်။

ကျေးရွာများထဲတွင် ဝင်ထွက်သွားလာသည့် သူစိမ်းများသည် သံတိုသံစလိုက်ဝယ်နေသည့်ပုံစံဖြင့် ဝင်ထွက်သွားလာသူရှိသလို အချို့သည် ဆိုင်ကယ်ပေါ်တွင် ခြင်းများတင်ဆောင်လာပြီး ပြန်လည်ထွက်ခွါသည့်အခါ ရွာထဲရှိ စစ်ရှောင်ပြည်သူများ၏ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲများ စသည့် အိမ်မွေးတိရိစ္ဆာန်များကို သယ်ဆောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း “ တချို့က ရွာမှာပြန်ပြီးတော့ အခြေအနေစောင့်ကြည့်တယ်။ ခြင်းနဲ့ ဝက်၊ ဆိတ်တွေတင်သွားတယ်။ ပိုင်ရှင်မှန်းသူတို့မသိတဲ့အခါကျတော့ ပိုင်ရှင်က လာတင်ခိုင်းတယ်၊ အဲလိုလိမ်ပြီးပြောတာလည်းရှိတယ်။ ရှောင်နေတဲ့သူတွေက ကိုယ့်ရွာအခြေအနေသိပြီး ပြန်မရဲတဲ့အချိန်မှာ သူတို့က သွားရဲတယ်ဆိုတော့ စဉ်းစားစရာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၏နေအိမ်ဖောက်ထွင်းခံရသည်ကို မကြာခဏ တွေ့ရှိရသည့်အပြင် ကျေးရွာတွင်ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်များလည်း စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားမှုများ မကြာခဏ တွေ့ရှိရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG က ပြောသည်။

“ ပြည်သူလူထုပိုင်ဆိုင်မှုတွေကို ဖျက်ဆီးယူဆောင်တာတွေမလုပ်ဖို့ ကာကွယ်ပေးဖို့က လက်နက်ကိုင်တွေရဲ့ လိုက်နာရမယ့်ကျင့်ဝတ်တွေထဲမှာရှိပြီးသား။ ဒါပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ရှေ့တန်းရောက်သူတို့စစ်သားတွေဟာ ပြည်သူတွေရဲ့ပစ္စည်းတွေခိုးယူ ဖျက်ဆီးတာရှိတယ်။ ကြက်၊ ဝက်တွေကို ဖမ်းဆီးသတ်ဖြတ်တာရှိတာကိုတွေ့နေရတယ်။”ဟု KHRG အဖွဲ့ပြောခွင့်ရ စောနန္ဒဆူးကကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေထဲတွင် လက်ရှိ နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဒေသခံအရပ်သားပြည်သူ တစ်သိန်းကျော်သည်လည်း ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်ထဲတွင် အစုလိုက်တိမ်းရှောင်နေကြသလို အချို့မှာ အခြားမြို့နှင့်ကျေးရွာများတွင် ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဒေသခံ ကရင်အရပ်ဖက်လူမှုရေးရာအဖွဲ့ထံမှ သိရသည်။