Home သတင်း ဒွယ်လိုးမြို့နယ်အတွင်း မှတ်ပုံတင်မပါဘဲ သွားလာသူများကို ဒဏ်ငွေ ကျပ် ၂ သိန်းရိုက်မည်ဟု BGF အမိန့်ထုတ်

ဒွယ်လိုးမြို့နယ်အတွင်း မှတ်ပုံတင်မပါဘဲ သွားလာသူများကို ဒဏ်ငွေ ကျပ် ၂ သိန်းရိုက်မည်ဟု BGF အမိန့်ထုတ်

1028

ဩဂုတ် ၂၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ခရီးသွားလာသူများအနေဖြင့် မှတ်ပုံတင် မပါဘဲသွားလာပါက ဒဏ်ငွေ ကျပ် (၂)သိန်းရိုက်မည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)မှ အမိန့်စာထုတ်ပြန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒွယ်လိုးမြို့နယ်ရှိ မာထော၊ လေးဖိထာ့၊ ကတိုင်တိနှင့် ထိသဘလုထကျေးရွာများတွင် နေထိုင်သည့် ဒေသခံများ အနေဖြင့် ခရီးသွားလာပါက မှတ်ပုံတင်ကိုင်ဆောင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မယူဆောင်လာသူများကို ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကာ မှတ်ပုံတင်မရှိသူများအနေဖြင့် မှတ်ပုံတင်လုပ်ဆောင်လိုပါက ကျပ်ငွေ(၃) သိန်းပေးရမည်ဖြစ်ကြောင်း BGF အမှတ် (၁၀၁၃)တပ်ရင်းက ပြီးခဲ့သည့် ဩဂုတ်လ (၁၆)ရက်နေ့တွင် အမိန့်စာ ထုတ်ထားသည်ဟု ဒေသခံများက ပြောသည်။

BGF တပ်စခန်းရှေ့ဖြတ်သွားချိန်တွင် အဖမ်းခံရသည့် ဒေသခံတစ်ဦးက “ သူတို့စခန်းရှေ့က လမ်းမပေါ်မှာ အဲဒီရက်က ကျနော်နှစ်ခေါက်လောက်ဖြတ်သွားတာ သူတို့က မသင်္ကာတာလားမသိဘူး၊ ကျနော့်ကို ဖမ်းတယ်။ အချုပ်ခန်းထဲဝင်တော့ (၄)ချက်ရိုက်ခံရတယ်။ ကျနော်က ဒေသခံပဲဆိုတော့ သူတို့စခန်းက လူတစ်ချို့သိတယ်။ ပြီးတော့ အာမခံလာထုတ်ပေးတဲ့လူရှိလို့ ကျနော်ပြန်လွတ်လာတာ။ အဲလို သွားလာတဲ့ ဒေသခံတွေ ခဏခဏ ဖမ်းခံရတာရှိတယ်၊ တချို့ဆိုရင် ငွေပေးမှပြန်လွှတ်ပေးတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ BGF တပ်ဖွဲ့သည် ဒေသအတွင်း ခရီးသွားလာပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင် လာသကဲ့သို့ တပ်မဟာ(၅)နယ်မြေအတွင်း ဝင်ရောက်လှုပ်ရှားသည့် BGF တပ်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်ကျူးလွန်လျက်ရှိသည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က ဩဂုတ်လ( ၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မှတ်ပုံတင်မပါဘဲ ခရီးသွားမည့် ဒေသခံများကို ဒဏ်ငွေ(၂)သိန်းရိုက်မည်ဟု အမိန့်ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF (၁၀၁၃) တပ်မှ တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်း၍မရရှိသေးပေ။

KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများ၏ လယ်၊ ယာ လုပ်ငန်းခွင်နှင့် စားကျက်မြေများပေါ်တွင် မိုင်းထောင် ထားခြင်းများလုပ်ဆောင်သည့်အတွက် ဒေသခံ၏ အိမ်မွေးတိရိစ္ဆာန်နွားများ မိုင်းနင်းမိ သေဆုံးမှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ယခုဩဂုတ်လ(၁)ရက်မှ (၁၅) ရက်နေ့အထိတွင် ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် BGF နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ကြား ထိတွေ့ရင်ဆိုင်တိုက်ပွဲပေါင်း (၅၃) ကြိမ်ဖြစ်ပွားပြီး BGF တပ်ဘက်မှ (၄၃)ဦးကျဆုံးကာ (၁၇) ဦးထိခိုက်ဒဏ်ရာရရှိသလို KNLA တပ်ဘက်မှလည်း ရဲဘော် (၁)ဦးကျဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။