Home သတင်း မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေမှုကြောင့် မြ၀တီမြို့အပါအ၀င် မြို့နယ် ၃ ခုနှင့် ကျေးနယ် ၅၀ ခန့် အခက်အခဲဖြစ်နေ

မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေမှုကြောင့် မြ၀တီမြို့အပါအ၀င် မြို့နယ် ၃ ခုနှင့် ကျေးနယ် ၅၀ ခန့် အခက်အခဲဖြစ်နေ

1524
Photo: CJ

ဩဂုတ်လ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ-ကော့ကရိတ် လမ်းပိုင်းဒေသအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်း တပ်နှင့် စစ်ကောင်စီတပ်တို့ သြဂုတ် ၂၀ ရက်က တိုက်ပွဲဖြစ်စဉ်အတွင်း ကော့နွဲရွာနှင့် အံကလော်ရွာ အကြားနေရာရှိ မော်လမြိုင်-မြ၀တီ မဟာဓါတ်အားလိုင်း ပြတ်တောက်နေခြင်းကြောင့် မြ၀တီ မြို့အပါအ၀င် မြို့နယ် ၃ခုနှင့် ကျေးရွာ ၅၀ ခန့် လျှပ်စစ်မီး ပြတ်တောက်မှုအခက်အခဲ များကြုံတွေ့နေကြရကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း မော်လမြိုင်-မြ၀တီ၂၃၀ ကေဗွီ မဟာဓါတ်အားလိုင်း ဓါတ်တိုင် ၂ ခု ပျက်စီးသွားခဲ့သည့် အခြေအနေကြောင့် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်ကြာမြင့်လာချိန်တွင် မြ၀တီမြို့နယ်အပါအ၀င် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစသည့် မြို့နယ် ၃ ခုနှင့် ကျေးရွာ ၅၀ ခန့် လျှပ်စစ်မီးပြတ်တောက်မှုအခက်အခဲ များကြုံတွေ့နေကြရခြင်းဖြစ်သည်။

မြ၀တီမြို့ခံတစ်ဦးက “မြန်မာမီးကတော့ လကုန်ရက်တောင် ပြန်ပြင်လို့ ရပြီးမီးလာဖို့ မလွယ်ဘူးလို့ ပြောနေကြ တယ်။ တောင်ကြော ပေါ်က ဓါတ်တိုင်ကြီးတွေကို မြ၀တီလျှပ်စစ်အဖွဲ့တွေ သွားမပြင်ရဲကြဘူး၊ ပြင်မယ့်ပစ္စည်းတွေက ကားလမ်းမ ဘေးမှာ ပို့ပုံထားပြီ၊ ပြင်မယ့်လူတွေ အပစ်ခံရမှာ၊ တိုက်ပွဲဖြစ်မှာ ကြောက်ရတော့ မီးပြန်လာဖို့က မသေချာဘူး၊ အခုက မြ၀တီမှာ ထိုင်းမီးလိုင်း ရှိနေသေးတဲ့နေရာတွေက အဆင်ပြေတယ်၊ မြန်မာမီးလိုင်း ချိတ်ထားတဲ့သူတွေ ရေသုံးဖို့၊ မီးသုံးဖို့၊ ဖုန်းအားသွင်းဖို့ ခက်နေတယ်၊ ကော့ကရိတ်ဘက်၊ ကျုံဒိုးဘက်၊ ကြာအင်းဆိပ်ကြီးဘက် နဲ့ ရွာတွေဘက်ဆို ပိုဆိုးမယ်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေ အကုန်ဘာမှသုံးမရ ဖြစ်နေကြရတယ်”ဟု သည်။

အဆိုပါ လျှပ်စစ်ဓါတ်အားလိုင်းတိုင်များ ပျက်စီးနေမှုအား စစ်ကောင်စီ လက်အောက်ခံ မြ၀တီလျှပ်စစ်ဌာန မှ ပြင်ဆင်ရန် လုပ်ဆောင်နေသော်လည်း နယ်မြေရှင်းလင်းသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် နယ်မြေခံ KNLA ပူးပေါင်းတပ်များ စစ်ရေးတင်မာနေဆဲ အခြေအနေကြောင့် ပြင်ဆင်လုပ်ဆောင် နိုင်ရေး အခက်တွေ့နေရကြခြင်း ဖြစ်သည်ဟု သိရသည်။

Photo: CJ

၎င်း ထိခိုက်ပျက်စီးသည့် လျှပ်စစ်ဓါတ်အား တိုင်ကြီးများမှာ ကော့ကရိတ်ကော့နွဲရွာ အတွင်းဘက် နှင့် အံကလော်ရွာ လမ်းပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုများရှိလာပါက လျှပ်စစ်၀န်ထမ်းများအတွက် အသက်အန္တရာယ် ကြုံတွေ့ ရနိုင်သည့်အကြားမှပင် ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေကြောင်း မြ၀တီလျှပ်စစ်ဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ် ပြောစကားအရ သိရသည်။

“အခုက မီးပျက်တော့ ဖုန်းကအားသွင်းဖို့ အဓိကဖြစ်လာတော့ မီးစက်ရှိတဲ့ သူက ဖုန်းအားသွင်းတာ။ ပါဝါဘဏ့်အားသွင်းတာ၊ ဓါတ်မီးအိမ်တွေ အားသွင်းတာ အလုပ်ဖြစ်နေကြတယ်၊ တချို့ နေရာတွေက အခမဲ့သွင်းပေးတယ်။ မီးက ပြင်နေလား၊ ဘယ်တော့ မီးပြန်လာမလဲဆိုတာ သတင်းက အမျိုးမျိုး ထွက်နေတယ်ဆိုတော့ ဘယ်တော့မီး ပြန်လာမလဲ မသေချာသေးဘူး။ အခုက ဖုန်းတစ်လုံး ၅၀၀ ရာကျပ် ၊ ပါဝါဘဏ့် ၁ ထောင်၊ ၂ ထောင်ပေါ့ အားသွင်း ဆိုင်တွေ အလုပ်ဖြစ်နေတယ်”ဟု ထိုမြ၀တီမြို့ခံက ဆက်ပြောသည်။

မြ၀တီ-ကော့ကရိတ် -ကြာအင်းဆိပ်ကြီး-ကျုံဒိုးလမ်းပိုင်းတစ်လျှောက်နှင့် ကျေးရွာများဘက်တွင် လျှပ်စစ်မီး ပြတ်တောက်နေမှုမှာ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်စဉ်အတွင်း ဓါတ်မီးတိုင် ၂ ခု ပျက်စီးသွားသည့် အခြေအနေအား စစ်ကောင်စီထောက်ခံသည့် သတင်းဌာနများထုတ်ပြန်ချက်အရ လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။

သို့သော် ကော့ကရိတ် ဒေသခံများ ပြောဆိုချက်အရ တိုက်ပွဲ ဖြစ်နေရာဘက်သို့ ကော့ကရိတ်မြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၉၇) တပ်မှ လက်နက်ကြီး ပစ်ခတ်မှုမှ ဓါတ်အားတိုင်များအား လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။