ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာကုန်းမှ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ ၊ ည ၁၂ နာရီအချိန်ခန့်တွင် အနီးအနားရှိ ကျေးရွာများထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကြခတ်ချောင်း၊ မီးလောင်ချောင်း၊ တံတားဦးစသည့်ကျေးရွာများဘက်ကို ကြာအင်း ဆိပ်ကြီးအခြေချဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အချက်ပေါင်း (၅၀)ကျော်ခန့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအရပ် သားများအပေါ် ထိခိုက်မှုတစ်စုံတရာမရှိသော်လည်း စိုးရိမ်ထိတ်လန့်နေကြရသည်ဟု ကြာအင်းဆိပ်ကြီးမြို့ခံ တစ်ဦးက ယခုလို ပြောသည်။
၎င်းက “ဒီက ဗျူဟာကုန်းကနေပစ်တာ မီးလောင်ချောင်းမှာကျတယ်။ နောက်တော့ ကြခတ်ချောင်းရွာအလယ်က သင်္ချိုင်းကုန်းမှာ (၁၀ )လုံးကျတယ်။ ပြီးတော့လူမရှိတဲ့နေရာမှာလည်း ကျတယ်။ ပစ်တာအလုံး (၅၀) ကျော်ရှိမယ်။ ရွာသားတွေ ထိခိုက်မှုက မရှိဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေက သင်္ချိုင်းကုန်းမှာကျတာဆိုတော့ ကံကောင်း တယ်။ ရွာသားတွေကတော့ ညကဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်ထိတ်လန့်နေတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ၎င်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ ယခုလို အကြောင်းမဲ့ပစ်ခတ်မှုပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု ထိခိုက်သေဆုံးမှု တစ်စုံတရာမရှိခဲ့သော်လည်း ဒေသခံများက စိုးရိမ် ထိတ်လန့်ခဲ့ကြ၍ လက်ရှိတွင် ကျင်းပုန်းများ၊ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများကို တူးထားကြရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရခြင်းမှာ စစ်ကောင်စီတပ်အခြေစိုက်ရာတပ်စခန်းအပေါ် ဒရုန်းယာဉ်တစ်စီးဖြင့် ဗုံး ၂ လုံး လာရောက် ကြဲချခံရခြင်းကြောင့် တုန့်ပြန်သည့်အနေဖြင့် ယခုလို ပြန်လည်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း အခြား ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။
ယခုလက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားရာဒေသသည် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေထဲတွင် တည်ရှိသည်။ လက်ရှိ KNU တပ်မဟာ (၆) နယ်မြေတွင် စစ်ကောင်စီတပ်နှင့် စစ်အာဏာရှင်ကို တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်ကြောင်းလည်း တော်လှန်ရေးအင်အားစုများဘက်က ပြောဆိုထားသည်။




















