ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လာမည့် ကရင်နှစ် ၂၇၆၂ ခုနှစ်တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲကို စုပေါင်းကျင်းပကြရန် ကရင့် လက်နက်ကိုင် ၄ ဖွဲ့နှင့် ဒေသခံခေါင်းဆောင်များ စုပေါင်းညှိနှိုင်းဆွေးနွေးမှုတစ်ခုကို ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း အစည်းအဝေး တွင် ပါဝင်တက်ရောက်သူများက ကေအိုင်စီသို့ ပြောသည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၊ နယ်ခြားစောင့်တပ်(BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်- DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ပါဝင်သည့် ကရင်လက်နက်ကိုင် ပြန်လည် ပေါင်းစည်းရေးကော်မတီမှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဒေသခံခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များ စုပေါင်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ကရင့် လက်နက်ကိုင်များ စည်းလုံးညီညွတ်မှုကို ပြသရန် ရည်ရွယ်ကြောင်း KNU/KNLA-PC အဖွဲ့မှ ဗိုလ် မှူးကြီး စောကျော်ညွန့်က ယခုလို ပြောသည်။
“အခုက ကရင်လက်နက်ကိုင်အကြား စည်းလုံးညီညွတ်မှုနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်တာမျိုးကို ပြသဖို့အတွက် စဉ်းစားချက်တစ်ခုအနေနဲ့ ကရင်လက်နက်ကိုင်တွေ စုပေါင်းပြီး ကရင်နှစ်သစ်ကူးကို အတူတကွ လုပ်သွားဖို့ ကြိုတင်ညှိနှိုင်းပွဲ လုပ်တာပေါ့” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိတွင် ကရင်ပြည်နယ်အပါအဝင် ဒေသတော်တော်များများတွင် လက်နက်ကိုင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန် ယခုလို နှစ်သစ်ကူးပွဲ စုပေါင်းပြုလုပ်ရန်အတွက် စီစဉ်နေ သည့်အပေါ် အစည်းအဝေးတက်ရောက်လာသူများအကြား အကြေအလည်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။
၎င်းအစည်းအဝေးပွဲသို့ ကေအဲန်ယူဘက်မှ ဖားအံခရိုင် ဥက္ကဋ္ဌပဒို စောအောင်မော်အေး၊ KNU/KNLA-PC ဘက်မှ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ BGF ဘက်မှ အထွေထွေတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် DKBA ဘက်မှ ခေါင်းဆောင်အချို့ပါဝင်တက်ရောက်ခဲ့သလို ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ နှင့် ဒေသခံရပ်မိရပ်ဖ ခေါင်းဆောင်များအပါအဝင် စုစုပေါင်း ၇၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ကရင်လက်နက်ကိုင် ပြန်လည်ပေါင်းစည်းညီညွတ်ရေးကို လိုလားသော ကရင်လူထုနှင့် ဘာသာရေးခေါင်းဆောင်များမှ ပါဝင်တက်ရောက်ခဲ့ပြီး ဘာသာရေးနှင့် နယ်မြေဒေသကို အခြေမခံဘဲ လက်နက်ကိုင်အဖွဲ့များ၏ စုပေါင်းလုပ်ဆောင်မှုများအပေါ် ပူးပေါင်းပါဝင်ကြရန် လက်နက်ကိုင်ခေါင်းဆောင်များမှ တက်ရောက်လာသူများကို တိုက်တွန်းပြောဆိုခဲ့ကြောင်းလည်း အစည်းအဝေးတွင် ပါဝင်တက်ရောက်သူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အဓိကကတော့ ဒီခက်ခက်ခဲခဲနဲ့ ရထားတဲ့ ကရင့်နှစ်သစ်ကူးနေ့တစ်ခုကို မတူညီတဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေ၊ မတူညီတဲ့ဘာသာတွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်တာကို ကိုယ့်ရဲ့ ရွာတွေကနေ ပူးပေါင်းပေးဖို့ပေါ့။ EAOs လေးဖွဲ့ရဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေရတဲ့ ရည်ရွယ်ချက် လေးအောင်မြင်ဖို့အတွက်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ကရင်နှစ်သစ်ကူး ပြုလုပ်ကျင်းပနိုင်ရန် ကော်မတီတစ်ရပ်ဖွဲ့ စည်း ထားခဲ့ပြီး ပွဲကို ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေတစ်နေရာရာတွင် ပြုလုပ်ကျင်းပသွားရန် စီစဉ်ထားကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် လုံခြုံရေးအရ ကျင်းပမည့် နေရာကို အတိအကျ မဆုံးဖြတ်ရသေးကြောင်းလည်း အစည်းအဝေးတွင် ပါဝင်သူများက ဆိုသည်။
ကရင်လက်နက်ကိုင်များစုပေါင်း၍ ကျင်းပမည့် အဆိုပါ ကရင်နှစ်သစ်ကူးနေ့တွင် စစ်ရေးပြ အခမ်းအနားများကို ထည့်သွင်းသွားမည်မဟုတ်ကြောင်းနှင့် ယဉ်ကျေးမှုဖော်ဆောင်မှု ပွဲများ၊ ရိုးရာ အကအလှများ၊ ရိုးရာလက်ဝှေ့ပွဲများ၊ အားကစားပွဲများ ထည့်သွင်းပါဝင်သွားမည်ဖြစ်ပြီး ထူးချွန်သည့် ကရင်ခေါင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဆုပေးအပ်သွားမည့် အစီအစဉ်များလည်း ပါဝင်ရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကရင်လက်နက်ကိုင်များ စုပေါင်း၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြဝတီမြို့နယ်အတွင်းရှိ BGF ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြိုင်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ကျင်းပခဲ့ဖူးသည်။



















