ဩဂုတ် ၄ ရက်။ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အကြား ပြန်လည် ပေါင်းစည်းရေးအတွက်နှုတ်အားဖြင့်သဘောတူပြီးဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် နှစ်ဖက်စစ်ရေး ဆိုင်ရာ ထိပ်ပိုင်းခေါင်ဆောင်များ တွေ့ဆုံမှုအပြီး သဘောတူခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များက အတည်ပြု ပြောဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၃ရက်နေ့က KNU ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီပါဝင်သည့် KNLA ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် DKBA ထိပ်ပိုင်း ခေါင်းဆောင်တို့ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး ပြန်လည်ပေါင်းစည်းအရေး အပါအဝင် နှစ်ဖက်သဘောတူညီချက် ၅ ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
DKBA ၏ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝက “နှစ်ဖွဲ့အကြား အတူတကွ ပြန်ပေါင်းစည်းပြီး အတူတူ အလုပ်လုပ်ဖို့ပေါ့။ KNLA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖူးဂျော်နီနဲ့ ကျနော်တို့ဘက်က ဦးစီးချုပ် အဖူး ဗိုလ်ချုပ်ကြီး စောစတီးတို့ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြတယ်။ ဒါပေမဲ့ စည်းတံဆိပ်တော့ မပါဘူး တူညီ အမှတ်တံဆိပ် တစ်ခုတော့ လုပ်သွားမယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ယမန်နေ့က တွေ့ဆုံမှုအပြီး ထွက်ပေါ်လာသည့် နှစ်ဖက်သဘောတူညီချက်အရ ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဖက် အောက်ခြေစစ်သားများကို ယာယီ အမှတ်တံဆိပ်တစ်ခု ညှိနှိုင်းတပ်ဆင်သွားရန်အပြင် ယခင်လက ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော် ကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်များပါဝင်၍ ညှိနှိုင်း ကိုင်တွယ်ဖြေရှင်းသွားရန်နှင့် နှစ်ဖက်တွေ့ဆုံမှုအား တစ်လတစ်ကြိမ်ပြုလုပ်သွားရန်ပါဝင်သည်။
“အဲ့ဒီအမှတ်တံဆိပ်တပ်ဆင်သွားဖို့ဆိုတာက အောက်ခြေစစ်သားအချင်းချင်းအကြား အငြင်းပွားပြောဆိုမှုတွေ မရှိအောင် ခေါင်းဆောင်တွေက တာဝန်ပေးလိုက်တာဖြစ်တယ်။ ဒီအမှတ်တံဆိပ်ကို တွေ့တာနဲ့ ကျနော် တို့ အချင်းချင်းပဲ ဆိုတာမျိုး မင်းကခို့ဘက်ဘော(DKBA) ငါက ကော်သူးလေဆိုမျိုး မရှိတော့ အောင်ပေါ့” ဟု ဗိုလ်မှူးချုပ် စောရွှေဝက ဆက်ပြောသည်။
၎င်းအပြင် KNU ဗဟိုမှ ယခင် DKBA အပေါ် ထုတ်ပြန်ထားသည့် ၁/၉၄ ထုတ်ပြန်ကြေညာချက်အား ပြန်လည် ဖျက်သိမ်းပေးရန် သဘောတူဆုံးဖြတ်ကြောင်းနှင့် လတ်တလော ဖြစ်ပေါ်နေသည့် ရန်သူထိုးစစ်ပြီးဆုံးစေရေး အတွက် DKBA စစ်ဦးစီးချုပ်မှ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူဆုံးဖြတ်ကြောင်း ညှိနှိုင်းဆွေး နွေးမှု မအောင်မြင်ဘဲ တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမည်ဆိုပါက အတူတကွ ပူးပေါင်းဆောင် ရွက်သွားရန် အပါအဝင် သဘောတူညီချက် ၅ ချက်ကို သဘောတူညီခဲ့သည်ဟု အွန်လိုင်းပေါ် ထွက်ပေါ်လာသော အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
သို့သော် ထိုသဘောတူညီချက် ၅ ချက်အနက် နောက်ဆုံးအချက်ဖြစ်သော လတ်တလော ဖြစ်ပေါ်နေသည့် ရန်သူ ထိုးစစ် ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ်မှ စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူ ဆုံးဖြတ် ကြောင်း ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်ဘဲ တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာမည်ဆိုပါက အတူတကွ ပူးပေါင်းဆောင် ရွက်သွားရန် သဘောတူဆုံးဖြတ်ပါသည် ဆိုသောအချက်သည် DKBA သဘောထားနှင့် လုံးဝ(မတိုက်ဆိုင်)ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်သည်ဟု ယနေ့ရက်စွဲဖြင့် အဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောစတီးက ပြန်လည်အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကေအဲန်ယူဗဟို နှင့် သက်ဆိုင်ရာ စစ်ဘက်ရေးရာ တာဝန်ရှိသူများအနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်းမပြုနိုင်သေးကြောင်း ကေအိုင်စီသို့ ပြောသည်။
သို့သော် ယခုလို ပြန်လည်ပေါင်းစည်းမှုမျိုးသည် ယခင်ကတည်းက ဖြစ်လာခဲ့သင့်ကြောင်းနှင့် လက်ရှိ တွေ့ဆုံ သဘောတူညီမှုများကိုလည်းအတည်တကျ သတ်မှတ်ဆုံးဖြတ်သွားသင့်ကြောင်း ကရင်အမျိုးသမီး အစည်းအရုံး-KWO၏ အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ယခုလို မှတ်ချက်ပြု ပြောသည်။
“တကယ်က ဒါမျိုးက ဖြစ်သင့်တာကြာပါပြီး။ မနေ့က ဆုံးဖြတ်ချက်တွေက ကောင်းတော့ ကောင်းတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ အားမရဘူး။ ဘာဖြစ်လဲဆိုတော့ အခုက တွေ့ဆုံကြတာက တကယ့်ထိပ်ပိုင်းခေါင်းဆောင် တွေ ချည်းပဲလေ။ ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေချည်းပဲ။ အားမရဘူးဆိုတာက တွေ့ပြီးပြီးကို ပြန်ညှိနှိုင်းဆွေး နွေးကြအုံးမယ်ဆိုတော့ အဲ့မှာ တစ်ခါတည်း ဆုံးဖြတ်ချက် ချသင့်ကြတာပေါ့။” ဟု သူက ကေအိုင်စီ သို့ ပြောသည်။
ထို့အပြင် တွေ့ဆုံညှိနှိုင်းမှု အချိန် ကြာသွားလျှင် ဆုံးဖြတ်ချက်အတိုင်း မဖြစ်လာမည်ကို စိုးရိမ်မိကြောင်း နှင့် ရန်သူ၏ သွေးခွဲမှုများ၊ ဖိအားပေးမှုများ ရှိလာနိုင်သည့်အပေါ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန်လည်း နော်ကညောဖော က ဆက်လက် တိုက်တွန်းပြောဆိုခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း အဖွဲ့အစည်းမှ ထုတ်ပယ်ခံထားရသည့် KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြမှ ကော်သူးလေတပ်မတော် ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ၎င်းကို ထောက်ခံသည့် ယခင် KNDO အထူးတပ်ရင်းတပ်ဖွဲ့တချို့မှ ပူးပေါင်း ပါဝင်ကြောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့သေးသည်။