Home သတင်း ဥကရစ်ထလမ်းဆုံအား စစ်ကောင်စီတပ် ပိတ်ဆို့တပ်စွဲပြီး ဖြတ်သန်းသွားလာသူအား ပစ်ခတ်မည်ဟု သတင်းထုတ်ထား

ဥကရစ်ထလမ်းဆုံအား စစ်ကောင်စီတပ် ပိတ်ဆို့တပ်စွဲပြီး ဖြတ်သန်းသွားလာသူအား ပစ်ခတ်မည်ဟု သတင်းထုတ်ထား

1164

ဩဂုတ် ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြ၀တီ မြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ လမ်းပိုင်း ဥကရစ်ထ လမ်းဆုံအား စစ်ကောင်စီမှ ပိတ်ဆို့ တပ်စွဲစစ်ရေးပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာသူအား ပစ်ခတ်မည်ဟု သတင်းထုတ်ထားကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံကုန်စုံဆိုင်ရှင်တစ်ဦးက “ဝေါလေ လမ်းတစ်လျှောက်ကတော့ ၃ ထပ်ကွေ့ဘက်က ကရင်အဖွဲ့တွေ ပိတ်ထားသလို သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဥကရစ်ထဝေါလေအထိက စစ်တပ်နဲ့ DKBA တွဲ ပြီး လမ်းဂိတ်ထိုင်တဲ့စခန်းတွေဘက်က ပိတ်ထားတယ်၊ တောင်ယာကုန်းတွေ၊ ပြောင်းခင်းတွေဘက် လုံး၀သွားလို့ မရဖြစ်နေတယ်၊ လူသံ၊ ထွေလာသံကြားတာနဲ့သေနတ်ဖောက်တယ်၊ လှမ်းပစ်တာတွေလုပ်တယ်၊ ကားလမ်း တစ်လျှောက်ကတော့ ဘယ်သူမှပေးဖြတ်မသွားဘူး၊”ဟု ပြောသည်။

စစ်ကောင်စီတပ်က ထိုသို့သတင်းထုတ်ပြန်ထားသည့်အတွက် တောင်ပေါ်ရွာ ဒေသခံများ ဝေါလေဘက်သို့ စားသောက်စရာ၀ယ်ရန်နှင့် ဒေသတောင်ယာစိုက်ခင်းများဘက်အလုပ်လုပ်ရန် သွားလာမရဖြစ်နေကြောင်း ၎င်းဒေသခံ ကုန်စုံဆိုင်ရှင်က ဆက်ပြောသည်။

“ပစ်မယ်ပြောထားတော့၊ စုကလိ၊ တနောထ၊ မောတု၊ ဥထရစ်မိ တောင်ပေါ် ကျေးရွာတွေက ဒေသခံတွေ ရိက္ခာ စားစရာ ၀ယ်ဖို့ ဥကရစ်ထ လမ်းဆုံကနေ ဝေါလေဘက်ကို စျေး၀ယ်ဆင်းဖို့ ဒေသခံတွေ လာရင် လမ်းပိတ်ထားတယ်၊ ပေးမသွားဘူးပစ်မယ်ပြောထားတော့ ရွာမှာရှိတဲ့စားစရာကို ခြွေတာစားနေကြ ရတယ်၊ ကျနော့်တို့ ဝေါလေဘက် ကုန်စုံ၀ယ်ဖို့ မလာရဲကြဘူး” ဟု ထိုဒေသခံ ကုန်စုံဆိုင်ရှင်က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များ KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေအတွင်း နယ်ကျော်၀င်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ၈ လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသတွင်းကျေးရွာများမှ စစ်ဘေးရှောင်နေရသူ ၉၀, ၂၉၁ ဦးအထိရှိကြောင်း ကရင်အရပ်ဖက် အဖွဲ့အစည်းများ၏ ကနဦး ကောက်ခံစုဆောင်းထားသည့်စာရင်းများအရ သိရသည်။

ထို့အပြင် ရွာပုန်းရွာရှောင် နေရာများနှင့် သောင်ရင်းမြစ် နှစ်နိုင်ငံနယ်စပ်နေရာများတွင် နေထိုင်နေသည့် စစ်ဘေးရှောင်များအနေဖြင့် သွားလာရေး၊ အစားအသောက် ရိက္ခာလိုအပ်ချက်များရှိနေကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ဘေးအကူအညီပေးနေသူများ ပြောစကားအရ သိရသည်။

“ကျမတို့ အခုအထိ ဝေါလေ ဂျပန်အိမ်ယာဘက်ကို မပြန်နေရဲသေးဘူး ဝေါလေထိုင်းဘက်က ပြောင်းခင်းသူဌေး အိမ်တန်းလျားမှာ ခဏနေနေရတယ်၊ စစ်တပ်က ကင်းပုန်၀ပ်တာ၊ တပ်စွဲထားတာတွေရှိနေတော့ ပြောင်းခင်းတွေ ဘက် အလုပ်သွားလုပ်မရ၊ ၀င်ငွေမရှိ စားဖို့က စစ်ဘေးရှောင် ကူညီတဲ့သူတွေလာဝေ ပေးမှစားနေရတယ်” ဟု ဝေါလေဒေသ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဖလူး-ဝေါ်လေ ၃ ထပ်ကွေ့ လမ်းပိုင်း နေရာအား စစ်ကောင်စီတိုက်ခိုက်နေသည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက်မှ (၂၀) ရက်နေ့အထိ (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်များနှင့် စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၃) ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်များဘက်မှ (၄၈) ဦးသေဆုံး ကာ (၈၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိစစ်နေဆဲဖြစ်သော ထိခိုက်သေဆုံးမှုများလည်း အများအပြားရှိနေ သေးကြောင်း KNU သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။