ဆက်သွယ်မေးမြန်းခြင်း(အင်တာဗျူးကဏ္ဍ)
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆) နယ်မြေ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၂၇ လက်အောက်ခံ Cobra စစ်ကြောင်း လုံခြုံရေး ရယူထားသည့် ဒေသအခေါ် သုံးထပ်ကွေ တောင်ပေါ်နေရာ ကို ၂၀၂၂၊ ဩဂုတ်လ ၂၃ရက်နေ့တွင် စစ်ကောင်စီမှ တပ်မ (၃)ခု လက်အောက်ခံ တပ်ရင်း ၁၇ရင်းနှင့် နယ်ခြားစောင့် (BGF) တပ်ရင်းတစ်ရင်း စုပေါင်း၍ လက်နက်ကြီး လက်နက်ငယ်အပြင် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်မှုနှင့်ပတ်သက်၍ တိုက်ပွဲအပြီး နောက်ဆုံးအခြေအနေများကို Cobra စစ်ကြောင်း၏ ပြောခွင့်ရ စောကော်နှင့် ဆက်သွယ်မေးမြန်းထားချက်။
မေး – မနေ့က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အခြေအနေလေးသိပါရစေ။ ဘယ်အချိန်က စဖြစ်ပြီး တော့ ဘယ်လိုစဖြစ်လဲ။ ဘယ်လောက်ပြင်းထန်ခဲ့လဲ။
တိုက်ပွဲက မနက် ၇နာရီ၊ ၈နာရီလောက်မှာ စဖြစ်တာ။ သူတို့ဘက်က လက်နက်ကြီးတွေ လေယာဉ်တွေ အများအပြား သုံးပြီးတော့ လာပစ်တာ။ တပ်ရင်းကလည်း လေး ငါးခုလောက်ကို သုံးပြီးတော့တက်လာတာ။ ပြောရ မယ်ဆိုရင် ဒီတစ်ကြိမ်က အပြင်းအထန်ဆုံးလို့ ပြောလို့ရတယ်။ သူတို့ဘက်ကပဲ တစ်ဖက်သတ်ကို ပစ်နေတာ။ ကိုယ့်ဘက်ကတော့ အခြေအနေကို ကြည့်ပြီးတော့ လှုပ်ရှားတာပေါ့။
လက်နက်ကြီးက မျိုးစုံကို သုံးသွားတာ။ RPG လည်း သုံးတယ်။ ၆၀ မမ၊ ၈၁ မမ၊ ၈၄မမ၊ ပြီးတော့ ဟောင်ဝှစ် ဇာအမြောက်လည်းသုံးတယ်။ ၁၀၇ ရှော့တိုက်ဒုံးလည်း သုံးတယ်။ လေယာဉ်ကလည်း ပေါင် ၅၀၀ ဗုံးသီးကိုလည်း သုံး သွားတယ်။ လေယာဉ် ၄စင်းက တစ်ချိန်တည်းကို လာပစ်ချတာ။
မေး – မနေ့က တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက် ကျဆုံးမှု အခြေအနေလေးလည်း သိပါရစေ။
သူတို့ဘက်က တော်တော်လေး ထိခိုက် ကျဆုံးတာ တွေ့ရတယ်။ ဒါပေမဲ့ ကျနော်တို့ စာရင်းအသေးစိတ် မကောက်နိုင်သေးဘူး ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ ၂ဦး ကျဆုံးတယ်။ ၄ယောက် ထိခိုက် ဒဏ်ရာရတယ်။ သူတို့ဘက်က ထိတာက ကျနော်တို့ဘက်က ပစ်လို့ ထိတာများတယ်။
မေး – အခု တိုက်ပွဲက အရင်ဖြစ်တဲ့ တိုက်ပွဲထက် ဘယ်လို ကွာခြားလဲ။
အခု တစ်ကြိမ်တိုက်တဲ့ ပုံစံ တပ်ရင်း ငါးခု ခြောက်ခုလောက်ပါတယ်။ လက်နက်ကလည်း အမျိုးအစားပေါင်းစုံ ပါလာတယ်။ လေယာဉ်လည်း တစ်ပြိုင်နက် တိုက်တယ်။ အရင်ကထက် ပိုပြင်းထန်တာပေါ့။ အရင် လေးကေကော် တုန်းကဆိုရင် နေရာကကျယ်တော့ အဲ့လောက် မပြင်းဘူး။ အခုက နေရာက ကျဉ်းတော့ ပိုပြင်းတယ်။
မေး – အခု တစ်ဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုက ဘယ်လိုဆက်ရှိနေလဲ။
တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းတော့ သူတို့ ချက်ချင်း တက်လာတာမျိုးတော့ မလုပ်ရဲဘူး။ အခြေအနေကို စောင့် ကြည့်ပြီးမှ ဖြည်းဖြည်းခြင်း တက်လာတာ။ ကျနော်တို့ဘက်ကတော့ ကိုယ့်လူတွေ ပိုထိမှာဆိုးလို့ နည်းနည်းလေး ဆုတ် ပေးလိုက်တာမျိုးတော့ ရှိတယ်။ အဲ့မှာ စောင့်ကြည့်နေတာမျိုးတော့ ရှိတယ်။
မေး – တိုက်ပွဲက ဆက်ဖြစ်နေတုန်းလား။ နောက်ထပ် ဆက်ဖြစ်ဖို့ကော အလားအလာရှိလား။
အခု ကြည့်ရသလောက်တော့ သူတို့ဘက်က ဆက်တက်ဖို့ ရှိတယ်။ အခု လက်နက်ကြီးတွေ နေရာလာချတာရှိ တယ်။ ဒီနေ့တော့ မပစ်ကြဘူး။ နေရာရှင်းလင်းမှုတွေပဲ လုပ်နေတယ်။ လက်နက်ကြီးနေရာချပြီး လုံခြုံရေး သေချာလုပ် နေကြတယ်။
မေး – အခု နောက်ဆုံးအခြေအနေက ဘယ်လို ဆက်ရှိနေလဲ။
သူတို့ဘက်က ဒီဝေါ်လေလမ်းကို ရအောင်သိမ်းဖို့ အစီအစဉ်တော့ ရှိတယ်။ အခုက ကျနော်တို့ဘက်က ပြန် ဆုတ်ပေးထားပေမဲ့လည်း သူတို့ အခြေအနေကို စောင့်ကြည့်ပြီး အကောင်းဆုံး ခုခံသွားဖို့ လုပ်သွားမယ်။ သူတို့အနေနဲ့ တက်လို့မရအောင်နဲ့ အထိအခိုက် အနည်းဆုံးဖြစ်အောင်တော့ ပြန်ခုခံသွားရမှာပဲ။
မေး – နောက်ဆုံးအနေနဲ့ကော ဘာဖြည့်စွက်ပြောချင်လဲ။
တစ်ခု ပြောချင်တာက ပြည်သူတွေအနေနဲ့ အခု တိုက်ပွဲဖြစ်နေတဲ့ကာလမှာ သူတို့ကို ထိခိုက်မှာဆိုးလို့ လမ်း တွေ ပိတ်ထားတာမျိုးရှိတယ်။ အခုလို လမ်းပိတ်ထားတဲ့ကာလမှာ ကျေးဇူးပြုပြီးတော့ နားလည်ပေးပေါ့။ အသွားအ လာကိုတော့ ပိတ်ထားတယ်။ မဟုတ်ရင် သူတို့ ကြားညှပ်ပြီး ထိခိုက်မှုတွေရှိမှာစိုးလို့ ဒီနေ့တော့ လမ်းပိတ်ထားတဲ့အ တွက် နားလည်ပေးဖို့ ပြောချင်တယ်။