Home တွေ့ဆုံမေးမြန်းခန်း အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းကျောင်းတည်ထောင်သူ နှင့် မေးမြန်းချက်

အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းကျောင်းတည်ထောင်သူ နှင့် မေးမြန်းချက်

1050

တွေ့ဆုံမေးမြန်းခန်းကဏ္ဍ

အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးသင်တန်းကျောင်းတည်ထောင်သူ နှင့် မေးမြန်းချက်

“ဒီဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းအပေါ်မှာ အခြေခံပြီးတော့ ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ယူဆတာက ဒီပညာရေးစနစ်သည် စစ်ကောင်စီလက်အောက်မှာ အကောင်အထည်ဖော်နေတဲ့ ပညာရေးစနစ်ထက် သာဖို့ရှိတယ်” (စောကပိ တည်ထောင်သူ၊ အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး သင်တန်းကျောင်း)

ဩဂုတ် ၂၄ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အတွင်း နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများလည်းကြီးထွာလာကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးတွင် အဖက်ဖက်မှ ဆုတ်ယုတ်ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ အလားတူ ပညာရေး ကဏ္ဍတွင် စစ်ကောင်စီဖွင့်လှစ်သည့် ကျောင်းများကို ပြည်သူအများစုက စစ်ကျွန်ပညာရေးစနစ်တစ်ခုအနေဖြင့် ရှုမြင်သပိတ်မှောက်ကြပြီး ကျောင်းမတက် သပိတ်များကိုလည်း ဆင်နွှဲ နေကြသည်။

ထိုသို့ စစ်ကောင်စီ၏ ပညာရေး စနစ်ကို လက်မခံခြင်းနှင့်အတူ တဖက်တွင် တိုင်းရင်းသားဒေသများ၌ စစ်ရေး ပဋိပက္ခများလည်း ကြီးထွာလာသလို ပညာရေးကဏ္ဍတွင်လည်း ယခင်ကထက် ရွှေ့ပြောင်း ကျောင်းသူ ကျောင်းသား ဦးရေ ပိုမိုများပြားလာခဲ့သည်။

အဆိုပါ တိုင်းရင်းသားဒေသတွင်း ရွှေ့ပြောင်း ကျောင်းသူကျောင်းသားများ ပိုမိုများပြားလာခြင်းကြောင့် ပညာရေး ဝန်ဆောင်မှုပေးနေသည့် ဒေသခံတိုင်းရင်းသားပညာရေး အဖွဲ့အစည်းများအပေါ် စိန်ခေါ်မှု နှင့် ဝန်ပိမှုများ ပိုမို၍ ဖြစ်လာခြင်းအပေါ် ပညာရေးကဏ္ဍကို မြှင့်တင်ရာတွင် ဦးဆောင်လှုပ်ရှားပေးနေသူ အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး သင်တန်းကျောင်း (School of governance and public administration) တည်ထောင်သူလည်းဖြစ်၊ ကျောင်းဒါရိုက်တာလည်းဖြစ်သူ စောကပိနှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး- လက်ရှိ ကေအဲန်ယူထိန်းချုပ် နယ်မြေမှာကော၊ ရောနှောအုပ်ချုပ် နယ်မြေတွေနဲ့ နယ်စပ် ဒေသမှာရှိနေတဲ့ ကေအဲန်ယူ ပညာရေးဌာနလက်အောက်က ကျောင်းတွေမှာ ကျောင်းသားဦးရေတွေ ပိုတိုးလာတာကို တွေ့ရတယ်။ ဘာကြောင့်တိုးလာရတယ်လို့ သုံးသပ်မိလဲ။
ဖြေ – အဓိက ကတော့ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ပြည်သူ လူထုတွေက မကြိုက်လို့ဖြစ်တာပေါ့။ ဒီပညာရေး စနစ်ကိုလည်း စစ်ကျွန်ပညာရေးစနစ်လို့ သူတို့ ရှုမြင်သုံးသပ်ကြတယ်။

ဒုတိယအပိုင်းကျတော့ မြို့ပေါ်မှာမဟုတ်တဲ့ အထူးသဖြင့် ကျေးလက်ဒေသမှာရှိနေတဲ့ ကျောင်းသူကျောင်းသား တွေ ကျောင်းဆရာဆရာမတွေ အနေနဲ့ကျတော့ စစ်ကောင်စီ လက်အောက်မှာ အလုပ်လုပ်ခြင်းအားဖြင့် စစ်ကောင်စီကို ထောက်ခံရာ အားပေးရာ ရောက်မှာကိုလည်း စိုးရိမ်ကြတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒီလို ကျောင်းမျိုးကို မတက်ချင်ကြဘူး။ သူတို့ မတက်ချင်ကြတာကြောင့်မို့လို့ အထူးသဖြင့် ထိစပ်နယ်မြေမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းဆရာ ဆရာမတွေက ဒီတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင် အားစုတွေကနေမှ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကို လာရောက်ပြီး တက်ဖို့အတွက် စိတ်အားထက်သန်ကြတယ်။ ပိုပြီးတော့ လွတ်လပ်တဲ့ ပညာရေးစနစ် တစ်ခုအနေနဲ့လည်း သူတို့က ယူဆတယ်။ အဲ့ဒီ အခြေအနေအပေါ်မှာ မူတည်ပြီးတော့လည်း ကျနော်တို့ ထိစပ်နယ်မြေတွေမှာရှိတဲ့ ကျောင်းတွေမှာ ကျောင်းသားတွေ ပိုများလာတယ် လို့ ကျနော်တို့ ယုံကြည်ရပါတယ်။

မေး- စစ်ကောင်စီဘက်မှာလည်း သူ့ပညာရေးစနစ်နဲ့ ဆက်သွားနေသလို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ဘက်မှာလည်း အွန်လိုင်းပညာရေး ပုံစံနဲ့ သွားနေတာရှိတယ်။ ဒီပညာရေး ပုံစံနှစ်ခုကြား မတူကွဲပြားမှုတွေကို ဘယ်လို ရှုမြင်သုံးသပ်လဲ။
ဖြေ – ဒီစစ်ကောင်စီရဲ့ ပညာရေးကတော့ တကယ်တမ်းပြောရရင် ပညာရေးစနစ်က ဘာမှတော့ ပြောင်းမသွားဘူး။ စစ်ကောင်စီက သုံးနေတဲ့၊ စစ်ကောင်စီက ဆက်ပြီးတော့ သုံးနေတဲ့ ပညာရေး စနစ်က NLD အစိုးရလက်ထက်တုန်းက အကောင်အထည်ဖော်ခဲ့တဲ့ ပညာရေးစနစ်ပဲ။ ဒါပေမဲ့ ဦးဆောင်တဲ့ သူက ပြောင်းသွား တယ်။ NLD အရပ်သား အစိုးရမဟုတ်တော့ဘူး။ စစ်ကောင်စီ ဖြစ်တယ်။ စစ်ကောင်စီဖြစ်တဲ့အတွက် ပညာရေးဟာ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့အတွက် စစ်ကောင်စီက ဦးဆောင်ပြီးပေးတဲ့ ပညာရေး စနစ်ကို ပြည်သူလူထုက မလိုချင်ဘူး မကြိုက်ဘူး။ ကျနော်တို့လည်း ရှင်းရှင်းပြောရရင် မကြိုက်ဘူး။ ဒီပညာရေး စနစ်က စစ်ကောင်စီကို တရားဝင်အောင် လုပ်သွားမှာကို ကျနော်တို့ မလိုလားဘူး။

ဒုတိယ တစ်ခုကတော့ NUG အစိုးရကနေပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေဆဲပဲဖြစ်တဲ့ ဖက်ဒရယ် ပညာရေးစနစ်ပေါ့။ ကြိုးစားနေတဲ့ ဖက်ဒရယ်ပညာရေးစနစ်ကလည်း တကယ်ဖက်ဒရယ်ပညာရေးစနစ် ဟုတ် မဟုတ်ဆိုတာကလည်း မသေချာသေးဘူး။ သို့သော် သေချာတာတစ်ခုကတော့ ဒီဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် စာတမ်းအပေါ်မှာ အခြေခံပြီးတော့ ပညာရေးစနစ်ကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ယူဆတာက ဒီပညာရေး စနစ်သည် စစ်ကောင်စီ လက်အောက်မှာ အကောင်အထည်ဖော်နေတဲ့ ပညာရေး စနစ်ထက် သာဖို့ရှိတယ်။ သာဖို့ ရှိတယ်လို့ ပြောတာက အခု NUG က အကောင်အထည်ဖော်နေတဲ့ ပညာရေး သည် အခု လောလောလတ်လတ် လက်တွေ့လိုအပ်တဲ့ အတိုင်းအတာ လိုအပ်တဲ့ကွက်လပ်တွေ အကုန်လုံး ဖြည့်ဆည်းပေးနိုင်တဲ့ အဆင့်ထိ မရှိသေးတဲ့အတွက် ကြိုးစားနေဆဲဖြစ်တယ်။ တကယ်အောင်မြင်တယ်ဆိုရင် စစ်ကောင်စီက ပေးတဲ့ ပညာရေးထက် သာဖို့ရှိတယ်လို့ သုံးသပ်လို့ရတယ်။

မေး- အခုဖွင့်လှစ်ထားတဲ့ အုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး သင်တန်းကျောင်းကကော ဘာအတွက် ရည်ရွယ်ဖွင့်လှစ်ထားတာလဲ။
ဖြေ – အဓိက ကတော့ ကျနော်ကိုယ်တိုင် ပိုစိတ်ဝင်စားတာကတော့ ပညာရေး မူဝါဒကို အကောင်အထည် ဖော်တဲ့ အပိုင်းတွေ မူဝါဒကို ချမှတ်တဲ့ အပိုင်းတွေမှာ ပိုစိတ်ဝင်စားသလို အဲ့အပိုင်းတွေမှာလည်း ပိုလုပ်ဖြစ်တယ်။ သို့ သော်လည်းပဲ အခုဝန်ဆောင်မှုပေးတဲ့ အပိုင်းနဲ့ ပညာရေးကို တကယ်သင်ကြားမှုပေးတဲ့အပိုင်းမှာ ကျနော်တို့ အခု အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ဒီလိုပညာရပ်ပိုင်းဆိုင်ရာတွေကို သင်ကြားပေးတဲ့အခါမှာ ဒါက လိုအပ်ချက် အပေါ်မှာပါ။

အခု ကျနော်တို့ တိုင်းပြည်အပြောင်းအလဲ ဖြစ်နေတဲ့ ကာလမှာ ဖက်ဒရယ်စနစ်ကို ထူထောင်မယ် ဆိုလို့ရှိရင် အုပ်ချုပ်ရေး ယန္တရား နဲ့ ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး ယန္တရားတွေကို ပြည်နယ်အဆင့် အစိုးရတွေက ပီပီပြင်ပြင် ကိုင်တွယ်ဖော်ဆောင်နိုင်ဖို့လိုတယ်။ အဲ့ဒီလို ဖော်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ အများကြီး လုပ်ဖို့လိုတယ်။ အဲ့လို လုပ်ရမယ့်ပြင်ဆင်မှုတွေအတွက် ဒီလို သင်တန်းမျိုးတွေကို ဒီနေရာမှာ ဦးစားပေးပြီးတော့ အကောင်အထည် ဖော်ပေးနေတာဖြစ်တယ်။ သို့သော် ကျနော်တို့ရဲ့ ပြည်သူ့ အုပ်ချုပ်ရေး နဲ့ စီမံခန့်ခွဲမှု သင်တန်း ကျောင်းကတော့ လူတွေ့သင်တန်းမဟုတ်ဘူး။ ကျနော်တို့ အွန်လိုင်းကနေပြီးတော့ သင်တဲ့ သင်တန်းဖြစ်တဲ့အတွက် နိုင်ငံ အနှံ့အပြားမှာရှိနေတဲ့ ကျောင်းသူ ကျောင်းသားတွေ စိတ်ပါဝင်စားတဲ့ လူတိုင်းတက်ရောက်ပိုင်ခွင့်ရှိတယ်ပေါ့။ ဒီအပေါ်မှာတော့ ကျနော်တို့ လက်ခံနိုင်တဲ့ လူဦးရေအတိုင်းအတာကတော့ အကန့်အသတ်ရှိတယ်။

မေး- စစ်ကောင်စီက ဒီအတိုင်းပဲ ဆက်အုပ်ချုပ်မယ်ဆိုရင် အနာဂတ် ရေရှည်မှာ အနာဂတ်မျိုးဆက်သစ်တွေ အတွက် ဘာသက်ရောက်မှုတွေ ဆက်ဖြစ်လာနိုင်သလဲ။
ဖြေ – သက်ရောက်မှုတွေက အများကြီးရှိပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီကြားကာလဖြစ်တဲ့ တော်လှန်ရေး ကာလမှာ ပညာရေးကို ရသင့်ရထိုက်သလောက် မရလိုက်တဲ့ လူငယ်လေးတွေလည်း အများကြီးရှိပါတယ်။ တချို့ကျတော့ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဒီကာလမှာ စစ်ကောင်စီက ပေးတဲ့ ပညာရေးကို မယူဘူး။ တို့က တော်လှန်ရေးကို လုပ်မယ်၊ သူ့ပညာရေးကိုလည်း အနှောင့်အယှက်အတားအဆီးဖြစ်စေတာကို လက်ခံလိုက်တဲ့ သဘောပေါ့၊ တိုင်းပြည်အပြောင်းအလဲတစ်ခုလို့ လက်ခံလိုက်တဲ့သူတွေ ရှိသလို တချို့ကျတော့ သူ့ရဲ့ စိတ်ဆန္ဒ သဘောအရ တော့မဟုတ်ဘူး။ တိုင်းပြည်ရဲ့ အခြေအနေအရ မတတ်သာလို့ သူ့ပညာရေးက ရပ်တန့်သွားတယ်။ ထိခိုက် နစ်နာမှုတွေ ရှိသွားတယ်ပေါ့။ ဒီလိုအခြေအနေမျိုးက ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေ ရှိနေတဲ့ နေရာမှာက ပညာရေးက ဒီလိုဖြစ်နေ တာကကြာလှပြီး။ နှစ်ပေါင်း ၇၀ ကျော် ကျနော်တို့ ပညာရေးကို ကောင်းကောင်းမသင်ခဲ့ရဘူး။ ဆောက်တဲ့ကျောင်း လာပြီး ဗုံးကြဲတယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုတွေအတွက်က ထူးခြားတဲ့ အခြေအနေ တစ်ရပ်တော့ မဟုတ်ဘူးလို့ မြင်တယ်။ ပြီးတော့ ပဋိပက္ခကာလမှာ ပညာရေး ဝန်ဆောင်မှုကို ဘယ်လိုပေးရမလဲဆိုတာကို လူမျိုးစု တိုင်းရင်းသားတွေက ဒါကို ကျွမ်းနေပြီး။ သူတို့လုံးဝလုပ်နေကြဖြတ်သန်းနေကြ သူတို့ သိနေပြီး။

အခု တစ်နိုင်ငံလုံးက အခုလို အတွေ့ အကြုံမျိုးကို ရင်ဆိုင်လာရတဲ့ အခါကျတော့ ရှင်းရှင်း ပြောရရင် လူမျိုးစု တော်လှန်ရေး အင်အားစုတွေ ဘယ်လို နှစ် ၇၀ ရှင်သန်ပြီးတော့ ပညာကို အဆက်မပြတ်သွားအောင် ရယူခဲ့သလဲ ဆိုတာကို ကျနော်တို့က သူတို့ဆီမှာ လေ့လာပြီးတော့ သူတို့လုပ်တဲ့သူတို့ပေးခဲ့တဲ့ ဝန်ဆောင်မှုတွေကို ဘယ်လို ကြိုးစားပြီးတော့ ပေးခဲ့သလဲဆိုတာ တွေကို ကျနော်တို့ကြည့်ပြီးတော့ လုပ်ဖို့လိုတယ်။

ဒီမှာ ကျနော်တစ်ခု Highlight တစ်ခုပေးပြီး ပြောချင်တာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အရင်တုန်းကနဲ့ မတူတော့ဘူး။ အတိုင်းအတာက တအားကြီးထွားလာတယ်။ ကြီးထွားလာတဲ့ အတွက်ကြောင့်မို့လို့ ဒီလိုလုပ်တဲ့အခါမှာ လူမျိုးစု ပညာရေး အဖွဲ့အစည်းတွေ ဥပမာ KECD (ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန) တို့ KnEC (ကရင်နီပညာရေး ကော်မတီ) တို့ ဒီလိုအဖွဲ့အစည်းတွေ အားလုံးက နိုင်ငံတကာ ပံ့ပိုးမှုနဲ့ အကူအညီက ကျနော်တို့ တကယ့်ကို လိုအပ်တယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ လူမှုရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ ကျနော်တို့ လိုအပ်တယ်။ ဒီလိုပံ့ပိုးမှု မရှိဘူးဆိုရင် ကျနော်တို့ ဆုံးရှုံးမှုတွေ ထိခိုက်မှု တွေ နစ်နာမှုတွေပိုများလာမယ်။

မေး- စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ပညာရေးကဏ္ဍမှာ ဒီတိုင်းရင်းသား နယ်မြေတွေနဲ့ နယ်စပ်ဒေသက ကျောင်းတွေမှာ လူဦးရေ ပိုများလာပြီး နယ်စပ်ပညာရေး ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ဝန်ပိမှုတွေပိုများလာတဲ့ အခြေအနေမှာ ဘယ်လိုပူးပေါင်းကူညီလုပ်ဆောင်မှုတွေ လုပ်ပေးသင့်လဲ။
ဖြေ – ပညာရေး ကဏ္ဍမှာ ကိုယ်တစ်ယောက်ထဲ၊ တစ်စုထဲ လုပ်လို့တော့မရဘူး။ အထူးသဖြင့် ဖက်ဒရယ် ဒီမိုကရေစီကို တည်ထောင်ဖို့ ကျနော်တို့ ရည်မှန်းတယ်ဆိုရင် လူမျိုးစု ပညာရေးအဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာလည်း ပူးပေါင်း ဆောင်ရွက်မှုရှိရမယ်။ ဥပမာ – မွန်ပညာရေး၊ ကရင်ပညာရေး၊ ကချင်ပညာရေး၊ ရှမ်းပညာရေး၊ ရခိုင်ပညာရေး ဆိုပြီး ကိုယ့်ဘာကိုယ် လုပ်နေလို့မရဘူး။ ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ဆိုလို့ရှိရင် ဒီလို ပညာရေးအဖွဲ့အစည်း တစ်ခုတစ်ခုကြားမှာ လုပ်ရမှာဖြစ်သလို ဒီကြားထဲမှာမှ ပုဂ္ဂလိက ပညာရေး အဖွဲ့အစည်း တွေရှိတယ်။ ပြီးတော့ လူထုအခြေပြု ပညာရေးအဖွဲ့အစည်းတွေ ဒါတွေလည်း ရှိလာမယ်။ KECD ကဲ့သို့သော KnEC ကဲ့သို့သော ပညာရေး အဖွဲ့အစည်းတွေက ပြည်နယ်အဆင့် ပညာရေး ဌာနတစ်ခုအနေနဲ့ ထားသင့်တယ်။

အဲ့ဒီအပြင် ပုဂ္ဂလိက ပညာရေး အဖွဲ့အစည်းတွေ လူထုအခြေပြု ပညာရေးအဖွဲ့အစည်းတွေကြားထဲမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဒီထက်မက ပိုပြီးတော့ များများရှိလာဖို့လိုတယ်။ အတိုင်းအတာ တစ်ခုအနေနဲ့ ရှိနေပြီးသားပါ။ သို့သော် အခု ရှိနေတာထက် ပိုပြီးတော့ လုပ်ဖို့တော့ လိုတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က ဘုံရည်မှန်းချက်တစ်ခုနဲ့ ပညာရေးစနစ် အကြီးကြီးတစ်ခုကို တည်ဆောက်ဖို့ ရည်ရွယ်နေခြင်းဖြစ်တယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ လိုအပ်တဲ့ အနာဂတ်ပညာရေး စနစ်က ဘာလဲဆိုတော့ Education System of Many Educations System ပညာရေး စနစ်တွေ အများကြီး စုဖွဲ့ထားတဲ့ ပညာရေး စနစ်တစ်ခုဖြစ်ဖို့ လိုတယ်။

မေး- နောက်ဆုံးအနေနဲ့ ဒီပညာရေး စနစ်တွေကို ပြောင်းလဲဖို့ လုပ်တဲ့နေရာမှာ ဘယ်လို ပညာရေး မူဝါဒတွေကို ချမှတ်သွားသင့်တယ်လို့ မြင်မိလဲ။
ဖြေ – အထူးသဖြင့် လူမျိုးစု တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ပညာရေးဌာနက အရေးကြီးတယ်လို့ ကျနော်မြင်တယ်။ တစ်ခုနားလည်ရမှာက ကျနော်တို့ ကျောင်းထောင်တာနဲ့ ပညာရေး စနစ်ကို တည်ဆောက်တာ နဲ့ မတူဘူး။ ပညာရေးစနစ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ တကယ့်ပညာရေး အဝန်းအဝိုင်းအကြီးကြီး တစ်ခုတည်းမှာ ကိုယ့်ရဲ့ စနစ် နောက်ဆုံးပြောရရင် Early Childhood Education စနစ် ရှေးဦး ကလေးသူငယ် ပညာရေး စနစ်ကနေ နောက်ဆုံး တက္ကသိုလ် ပညာရေး စနစ်အထိ စနစ်တစ်ခုလုံးကို ကျနော်တို့ စဉ်းစားရမယ်။

စနစ်တစ်ခုလုံးကို ပြောတဲ့နေရာမှာ သင်ရိုးညွှန်းတမ်းလည်းပါတယ်၊ သင်ကြားမှုလည်းပါတယ်။ ကျောင်းသား လည်းပါတယ်၊ ကျောင်းအုပ်ချုပ်ရေးလည်းပါတယ်။ တက္ကသိုလ် အုပ်ချုပ်ရေးလည်းပါတယ်။ အဲ့ဒီ စနစ်တစ်ခု လုံးကို ခြုံငုံပြီးတော့ စဉ်းစားနိုင်တဲ့ ပညာရေးအဖွဲ့အစည်းတွေ ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့က ဗဟို အစိုးရကနေ လာပြီးတော့ ကြိုးကိုင်ပြီးတော့ လမ်းညွှန်မှုပေးတဲ့ ပညာရေး စနစ်မျိုးကနေ ကျနော်တို့က ထွက်ချင်တာ။ ဗဟိုအစိုးရကနေ ကြီးကြပ်ပြီးတော့ ကြိုးကိုင်တာကို ကျနော်တို့က မလိုလားဘူးဆိုရင် ကျနော်တို့ ကိုယ်တိုင် စနစ်တစ်ခုလုံးကို တည်ဆောက်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားရမယ်။

အဲ့လို ကြိုးစားတဲ့အခါမှာ ကျနော်တို့ ပညာရေး မူဝါဒတွေ နားလည်ဖို့လိုတယ်။ ကျနော်တို့ သင်ရိုးညွှန်းတမ်း မူဘောင်တွေ နားလည်ဖို့လိုတယ်။ ကျနော်တို့ ကိုယ်တိုင် ကျောင်းအုပ်ချုပ်ရေး School administration၊ Collage administration ဒါတွေ သိဖို့လိုတယ်။ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဒါတွေကို သိဖို့လိုတယ်။ ပညာရေးမှာ အချုပ်အနှောင်များတယ်ဆိုရင် မလွတ်လပ်တော့ဘူး။ မလွတ်လပ်တော့တဲ့ ပညာရေးက ဘယ်တော့မှ လွတ်လပ်တဲ့ လူထုကို ကျနော်တို့ မမွေးထုတ်ပေးနိုင်ဘူး။ လွတ်လွတ်လပ်လပ်နဲ့ တွေးခေါ်နိုင်တဲ့ ပညာတတ်တဲ့လူတွေ အတွေးအခေါ်ရှိတဲ့လူတွေ မွေးထုတ်နိုင်ဖို့အတွက် လွတ်လပ်တဲ့ ပညာရေးစနစ်တစ်ခုကို ဖန်တီးနိုင်ဖို့က အင်မတန်အရေးကြီးတယ်လို့ ကျနော်ထင်တယ်။