Home သတင်း ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ခရီးသွားပြည်သူများ BGF ၏ ခြိမ်းခြောက် ငွေညှစ်မှုများကြုံတွေ့နေရ

ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ခရီးသွားပြည်သူများ BGF ၏ ခြိမ်းခြောက် ငွေညှစ်မှုများကြုံတွေ့နေရ

893
Photo: CJ

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၂ ခုနှစ် ၊၊ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီဆက်သွယ်ထားသော အာရှလမ်းမကို အသုံးပြုသွားလာနေသည့်ခရီးသွား ပြည်သူများနှင့် ကုန်တင်ကားသမားများအား လမ်းကြောင်းတစ်လျှောက် ဂိတ်ချထားသော စစ်ကောင်စီ လက်အောက် ခံနယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက်ငွေညှစ်တောင်းခံရမှု ကြုံတွေ့နေရကြောင်းကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူများက ပြောသည်။

စစ်ရေးပဋိပက္ခမကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် အဆိုပါ ဒေါနတောင်ပေါ် အာရှလမ်းမတစ်လျှောက်တွင် စစ်ကောင်စီ လက်အောက်ခံ (BGF) တပ်ဖွဲ့ဝင်များက တောင်ပေါ်လမ်းအား အသုံးပြုသွားလာနေသော ခရီးသွား ယာဉ်များနှင့်ကုန်တင်ကားများကို မတရားငွေညှစ်တောင်းခံမှုများပြုလုပ်နေပြီး တောင်းရမ်းသောငွေမပေးပါက ခြိမ်းခြောက်မှုများပြုလုပ်လျက်ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ခရီးသွားပြည်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက”အမေက မန္တလေးမှာဆုံးတာ။ ပိုက်ဆံလည်းမလောက်တော့ဘူး။ သူတို့ကိုတောင်းပန်တယ်။ သူတို့က မရဘူးလို့ ပြောတယ်။ သူတို့တောင်း သလောက်ပေးရတယ် အစ်ကိုရဲ့။ ခြိမ်းခြောက်မှုလည်းရှိပါတယ်။ အကယ်၍ သူတို့တောင်းတဲ့ ပိုက်ဆံမပေးရင် ကားရပ်ထားတဲ့။ မီးရှို့မယ်တဲ့” ဟု ကေအိုင်စီသို့ ပြောသည်၊၊

ဒေါနတောင်ပေါ်တွင် (BGF) ဂိတ်စုစုပေါင်း ၈ ဂိတ်ခန့်ရှိနေပြီး ခရီးသွားပြည်သူကားများနှင့် ကုန်တင် ဆောင်လာသောကားများအနေဖြင့် ဖြတ်သန်းသွားလာခွင့်အတွက် တစ်ဂိတ်လျှင် ငါးထောင်ကျပ်နှုန်းဖြင့် ပေး ဆောင်နေရသည့်အတွက် ကုန်တင်ကား အငှားမောင်းသူများအနေဖြင့် ၎င်းတို့အတွက် ယာဉ်မောင်းခ အရနည်းလာကြောင်းလည်း အငှားယာဉ်မောင်းသမားများက ဆိုသည်။

“ဂိတ်ကရှစ်ဂိတ်လောက်ရှိတယ်။ တစ်ဂိတ်ကို ငါးထောင်ပေးရတယ်။ တောင်ခြေက တစ်ဖွဲ့ဆိုရင် သူငယ်ချင်းက ပိုက်ဆံမလောက်လို့မပေးနိုင်တာကိုဓားနဲ့ခြိမ်းခြောက်တယ်။ ထိုးလည်းထိုးတယ်။ ဒါပေမဲ့ မထိအောင် တော့ထိုးပြ တယ်။ ကြောက်အောင်လို့ပေါ့။ ကျနော်တို့ကားသမားတွေဘာပြန်လုပ်နိုင်မှာလဲဗျာ။ ခံနေရတာ ပဲမိသားစုနဲ့မို့လို့။ ကားမြင်တာနဲ့ ငါးထောင်ပေးဆိုဘဲဗျ”ဟု အငှားယာဉ်မောင်းသမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုဖြစ်စဉ်အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိပေ။

ထို့အပြင် ဩဂုတ်လ ၁၅ ရက်နေ့က ကော့ကရိတ်မြို့အတွင်း ပစ်ခတ်မှုများပြုလုပ်ပြီးနောက် မြို့တွင်းအဝင် အထွက်လမ်းများ အားလုံးကို ပိတ်ထားလိုက်ကြောင်းနှင့် မြို့အပြင်ရှိကျေးရွာများတွင်လည်း စစ်ရေးလှုပ်ရှားမှု ပိုမိုများပြားလာသဖြင့်တိုက်ပွဲ ပြင်းထန်မှုများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

အလားတူ မြဝတီကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ရက်ပိုင်းက ယာယီပိတ်ထားမှုဖြစ်ပေါ်ခဲ့ပြီး ဩဂုတ်လ (၁၉) ရက်တွင်မူဇုန်ကို ပြန်လည်ဖွင့်ပေးလိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကုန်တင်ကားကြီးနှင့် ပို့ကုန်သွင်းကုန် ယာဉ်များကို စည်းကမ်းချက်များထုတ်ကာ ဖြတ်သန်းသွားခိုင်းပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။