Home သတင်း မြဝတီတွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ယာဥ် မဆင်မခြင်မောင်းနှင်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

မြဝတီတွင် BGF တပ်ဖွဲ့ဝင်တစ်ဦး ယာဥ် မဆင်မခြင်မောင်းနှင်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

13
Photo: Social Media

ဇူလိုင် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင်း၌ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်သားတစ်ဦး မဆင်မခြင် မောင်းနှင်လာသည့် မော်တော်ယာဉ်မှာ ဒေသခံများပိုင် ဈေးဆိုင်များသို့ ဝင်ရောက်တိုက်မိခဲ့သဖြင့် ကလေးငယ် (၂) ဦး အပါအဝင် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ ဇူလိုင်လ(၂၉) ရက်နေ့ မွန်းလွဲပိုင်းက မျိုးထွေး အမည်ရ BGF တပ်ဖွဲ့ဝင်မှာ အဖွဲ့အစည်းပိုင်မော်တော်ယာဥ်အား ယူဆောင်မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ ချစ်ကြည်ရေးလမ်း၊ ဘုရင့်နောင်ဈေးနှင့် ဇော်ဂျီ (၄) လမ်းတစ်လျှောက် ယာဥ်တိုက်မှုကျုးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းလူမှုကွန်ရက်မီဒီယာအချို့က ဖော်ပြသည်။

ယင်းကြောင့် မော်တော်ယာဉ်(၄)စီး၊ ဆိုင်ကယ်(၉) စီးနှင့် သုံးဘီးယာဥ်(၁)စီးတို့ ပျက်စီးခြင်းရှိခဲ့သလို
အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်ဈေးအတွင်း ဆက်လက်ဝင်ရောက်ကာ ဈေးဆိုင်များကို ဆက်လက်တိုက်မိခဲ့ပြီး ကလေးငယ်(၂)ဦး အပါအဝင် ဒေသခံအချို့ထိခိုက်ဒဏ်ရာရသွားသည်ဟု မြဝတီမြို့နေပြည်သူများက ပြောသည်။

“မနေ့က နေ့လယ်လောက်ဖြစ်မယ်။ သေနတ်သံ ၂ ချက်၊ ၃ ချက်လောက် ကြားလိုက်ရသေးတယ်။ ကားက ဆိုင်ထဲဝင်သွားပြီး ဈေးဝယ်တဲ့ ကလေးတွေကို တိုက်မိတာ။ ဆိုင်ထဲကို အရှိန်နဲ့ဝင်သွားတာ၊ ကလေးလေးနှစ်ယောက် အသည်းအသန် ဖြစ်သွားတယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

Photo: Social Media

ယာဉ်တိုက်မှုကြောင့် “သုန်သုန်ဦး” ကုန်မျိုးစုံဆိုင်မှ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ကားအောက်ရောက်ရှိသွားပြီး ဒဏ်ရာပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ပို့ဆောင်ကုသပေးနေရခြင်းရှိသည်။ ထို့အတူ ဈေးရောင်းနေသည့် အမျိုးသမီး (၂) ဦးမှာလည်း ယာဥ်တိုက်မှုမှရရှိသည့် ဒဏ်ရာများဖြင့် မြဝတီ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ထပ် မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက “BGF ကားတွေကတော့ ပြောမနေနဲ့။ သူတို့ကားလာရင် လူတိုင်းသိတယ် ကြမ်းတယ်။ သူတို့ကားလာရင် အဝေးကနေ ရှောင်၊ မဟုတ်ရင် ထိမှာပဲ။ အဖွဲ့အစည်းဆိုပြီး ဥပဒေမဲ့ လက်နက်ကိုင် ရမ်းကားတာ ကြာပါပြီ။ စစ်တပ်ကားပြီးရင် သူတို့ကားကို အကြောက်ရဆုံးပဲ” ဟု ယာဥ်တိုက်မှုနှင့်ပတ်သက်၍ ကေအိုင်စီကို မှတ်ချက်ပေးသည်။

BGF ဘက်က ထိခိုက်နစ်နာခဲ့သည့် ဆိုင်ကယ်များအတွက် ကနဦး လျော်ကြေးအဖြစ် တစ်စီးလျှင် ကျပ် ၃ သိန်းနှုန်း ပေးဆောင်ခဲ့ပြီး ကျန်ရှိထိခိုက်နစ်နာမှုများအတွက်မူ တာဝန်ယူမှုအပြည့်အဝ မရှိသေးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်အချို့တွင် ဖော်ပြထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

ထို့အတူ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် BGF အဖွဲ့ တာဝန်ရှိသူများက ယာဥ်တိုက်မှုကျူးလွန်သူအား လာရောက်ခေါ်ဆောင်သွားသလို မြဝတီမြို့မရဲစခန်းတွင် ထိန်းသိမ်းခဲ့ပြီး စစ်အုပ်စု၏ ဥပဒေအတိုင်း အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။