Home သတင်း မယ်လဒုက္ခသည်စခန်းနေ လူအယောက် ၁,၀၀၀ စာအတွက် M Fund က ကျန်းမာရေးရန်ပုံငွေ ၇၅ ရာခိုင်နှုန်း ထောက်ပံ့မည်

မယ်လဒုက္ခသည်စခန်းနေ လူအယောက် ၁,၀၀၀ စာအတွက် M Fund က ကျန်းမာရေးရန်ပုံငွေ ၇၅ ရာခိုင်နှုန်း ထောက်ပံ့မည်

342
Photo: CJ

ဇူလိုင် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် လာမည့် ဩဂုတ်လမှ စတင်၍ စခန်းနေထိုင်သူ အယောက် ၁,၀၀၀ စာအတွက် M Fund မှ ဆေးကုသမှုကုန်ကျစရိတ်၏ ၇၅ ရာခိုင်နှုန်းအထိ တစ်နှစ်တိတိ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ကျန်းမာရေးအာမခံအဖွဲ့အစည်း M Fund ၏ အဆိုပါအစီအစဉ်ကို ပြီးခဲ့သည့်မေလကတည်းက မယ်လစခန်းတွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နေ့တွင် အဖွဲ့တာဝန်ရှိသူများနှင့် စခန်းတာဝန်ရှိသူများ ထပ်မံဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“မယ်လမှာ ဆေးရုံနဲ့ပတ်သက်ပြီး ထောက်ပံ့မှု လုံလောက်မှုမရှိတာကြောင့် အားနည်းချက်တစ်ခု ဖြစ်လာတယ်။ ဒါပေမဲ့ M Fund တစ်နှစ်စာအတွက် ကတ်ထုတ်ပေးထားတာကြောင့် အဆင်ပြေပါတယ်” ဟု စခန်းတာဝန်ရှိသူ စောဆန်းဒေးက ပြောသည်။

အစီအစဉ်အရ မယ်လဒုက္ခသည်စခန်းအတွင်းရှိ MOI (ထိုင်းနိုင်ငံသားစိစစ်ရေး) နံပါတ် ၁၃ လုံး မရှိသေးသူများကို ဦးစားပေးထားသော်လည်း နံပါတ်ရှိပြီးသူများလည်း ပါဝင်နိုင်မည်။ M Fund အဖွဲ့ဝင်များအနေဖြင့် ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကိုသာ သတ်မှတ်ထောက်ပံ့ကြေးနှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မူလက လစဥ်ကြေး ၁၃၀ ဘတ်တန်အတွက် ၃၃ ဘတ်၊ ၂၃၀ ဘတ်တန်အတွက် ၅၈ ဘတ်နှင့် ၃၃၀ ဘတ်တန်အတွက် ၈၃ ဘတ်အသီးသီး သာ ပေးဆောင်ရရန်ရှိသည်။

ထို့အပြင် ကျောင်းသားများနှင့် နာတာရှည်ရောဂါသည်များအတွက် “၁၈ နှစ်အောက် ကျောင်းသားဆိုရင် ၅ ယောက်တစ်ဖွဲ့စုပြီး ဘတ် ၁၀၀ ပေးရမယ်၊ အခွင့်အရေးတန်းတူရတယ်။ နောက် ၃၃၀ ဘတ်တန်ကျတော့ သွေးသွန်လူနာ‌တွေနဲ့ နာတာရှည် ရောဂါတွေအတွက်။ အဲ့ထဲမှာ သူ့ကို ၂ ယောက် ပံ့ပိုးပေးရမယ်။ တစ်ယောက်ကို ၃၃၀ ဆီ၊ သူတို့မှာတော့ နာတာရှည်ရောဂါ မရှိရဘူး။ အကယ်၍ ရှိလို့ ဆေးရုံသွားရမယ်ဆိုရင်လည်း တန်းတူအခွင့်အရေး ရပါတယ်” စောဆန်းဒေးက ဖြည့်စွက်ပြောသည်။

Photo: CJ

ကလေးမွေးဖွားစရိတ် ထောက်ပံ့မှု ရရှိရန်အတွက်ကိုလည်း ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်စတင်ရှိချိန်မှစ၍ M Fund ၌ ကြိုတင်စာရင်းသွင်းထားရမည်ဖြစ်ပြီး ကိုယ်ဝန် ၄ လနှင့်အထက် ရောက်ရှိမှ စာရင်းသွင်းပါက လက်ခံမည်မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် ခံစားခွင့်ရရှိရန် တစ်လလျှင် ၃၃၀ ဘတ်နှုန်းဖြင့် အနည်းဆုံး ၆ လနှင့်အထက် လစဉ်ကြေး ပေးသွင်းထားရမည်ဖြစ်သလို အစီအစဉ်အမျိုးအစားပေါ် မူတည်၍လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း အချိုးကျ စိုက်ထုတ်ပေးဆောင်ရန်ရှိနေသည်။

M Fund ၏အဖွဲ့ဝင်ကတ်သည် ဒုက္ခသည်စခန်းများတွင် ပြင်ပအထောက်အပံ့များ လျော့နည်းလာချိန်တွင် ကျန်းမာရေးအရေးပေါ် အခြေအနေအရ ထိုင်းဆေးရုံများသို့ သွားရောက်ပြသနိုင်ရန် အဓိက အထောက်အကူပြုနေခြင်းရှိသည်။

ကတ်တစ်ခုလျှင် တစ်နှစ်စာ ဘတ် ၅၀,၀၀၀ အထိ ကျန်းမာရေးစရိတ်အတွက် အကျုံးဝင်ကူညီမည်ဖြစ်ပြီး ကျော်လွန်သွားပါက လူနာဘက်မှ ကိုယ်တိုင်စိုက်ထုတ်ရမည်ဖြစ်ကြောင်းလည်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလတွင် M Fund ၌ စာရင်းပေးသွင်းခဲ့ကြသူ ၃၀၀ ကျော်ရှိခဲ့ရာ သတ်မှတ်ထားသည့် မူလနှုန်းထားအတိုင်းသာ ပေးဆောင်ခဲ့ရသော်လည်း ဩဂုတ်လမှ စတင်မည့် ထောက်ပံ့မှုအစီအစဉ်ကြောင့် ဒုက္ခသည်များ၏ ကျန်းမာရေးစရိတ် ပိုမိုသက်သာမှုရှိလာမည်ဖြစ်သည်။

အလားတူ အဆိုပါအစီအစဉ်ကို အုန်းဖန်ဒုက္ခသည်စခန်းတွင် အကောင်အထည်ဖော်ရန် လိုက်လံစာရင်းကောက်ယူမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။