ဇူလိုင် ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းနှင့် Crypto ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေး လိမ်လည်မှု များတွင် ပါဝင်ပတ်သက်သူများကို ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပြီး အကြမ်းဖက်မှုနှင့် လူသေဆုံးမှုများရှိလာပါက အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ဥပဒေ မူကြမ်းတစ်ရပ်ကို စစ်အုပ်စု ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ ၂၈ ရက်နေ့တွင် အတည်ပြုလိုက်သည်။
အဆိုပါ Anti-Online Scam (အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး) ဥပဒေမူကြမ်းကို ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့က စတင်ပေါ်ထွက်လာခဲ့ပြီးနောက် စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက လွှတ်တော်ထံသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးဥပဒေမူကြမ်းအတွင်း ထည့်သွင်းထားသော ပြစ်ဒဏ်များတွင် ပြစ်မှုအမျိုးအစားအလိုက် ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်နှင့် တစ်သက်တစ်ကျွန်းအပြင် ကျားဖြန့်လုပ်ငန်းအတွင်း လူသေဆုံးသည်အထိ အကြမ်းဖက်ခံရပါက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ယင်းဥပဒေမူကြမ်းကို စစ်အုပ်စု၏ လွှတ်တော် နှစ်ရပ်စလုံးက ပြင်ဆင်ချက်များနှင့်အတူ သဘော တူညီခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စု ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော နောက်ဆုံးမူ ကြမ်းတွင်လည်း သေဒဏ်သတ်မှတ်ချက် ပါဝင်ဆဲဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ တာဝန်ယူမှုကာလအတွင်း ယခုကဲ့သို့ ဥပဒေအတည်ပြုမှု ပေါ်ထွက်လာခြင်းမှာ ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းရန် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံတကာက အထူးအာရုံစိုက်လုပ်ဆောင်နေချိန်တွင် ဖြစ်ပွားလာခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (IOM) ၏ ထုတ်ပြန်ချက်အရ အာရှဒေသရှိ ကျားဖြန့်စင်တာများတွင် လူကုန်ကူးခံရမှု သိသာစွာ မြင့်တက်နေပြီး နိုင်ငံပေါင်း ၈၀ ကျော်မှ လူများသည် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှင့် အခြားသော အတင်းအကျပ် ခိုင်းစေမှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် တရုတ်အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများနှင့် ရာဇဝတ် ဂိုဏ်းများကို ပြင်းထန်သည့် ပြစ်ဒဏ်များဖြင့် အရေးယူလျက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျားဖြန့်စင်တာများနှင့် ဆက်စပ်နေသည့် ရာဇဝတ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင် ၁၁ ဦးကို ဘေဂျင်း အာဏာပိုင်များက ယခုနှစ် ဇန်နဝါရီလအတွင်းက သေဒဏ်ပေး အမိန့်ချမှတ်ခဲ့ဖူးသည်။
Source: AFP



















