Home သတင်း မြဝတီကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်က စည်းကမ်းချက်များနှင့် စစ်ဆေးတင်းကြပ်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေ

မြဝတီကုန်သွယ်ရေးဇုန်တွင် စစ်ကောင်စီတပ်က စည်းကမ်းချက်များနှင့် စစ်ဆေးတင်းကြပ်မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေ

902
Photo: CJ

ဩဂုတ်လ ၂၃ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် သြဂုတ်လ (၂၂) ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ကုန်တင် ကားကြီးနှင့် ပို့ကုန်သွင်းကုန်ယာဉ်များကို စစ်ဆေးမှုများ လုပ်ဆောင်လာသောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်ဟု မြဝတီမြို့ခံများက ပြောသည်။

မြဝတီကုန်သွယ်ရေးဇုန်ရှိ အတက်အဆင်းပြုလုပ်နေသည့်ကားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကုန်စည်ပို့ကုန်သွင်းကုန်များ ဇုန်အတွင်းထဲသို့ ဖြတ်သန်းသွားလာပါက ကုန်ကားကြီးများကို ညဘက်အချိန်၌ လမ်းဘေးညအိပ်ရပ်နားခြင်းမပြုရန်နှင့် စစ်ကောင်စီ၏ ခရိုင်အုပ်ချုပ်ရေးမှူးဌာနမှ စာရွက်စာတမ်းကို တစ်ရက်ကြိုတင်ဆောင်ရွက်ကြရန်အပြင် ၎င်းတို့၏စည်း ကမ်းချက်နှင့်အညီ စစ်ဆေးမှုများခံယူရန် စစ်ကောင်စီတပ်က ထုတ်ပြန်အသိပေးထားခြင်းကြောင့် ယနေ့တွင် အာရှလမ်းမပေါ်ရှိ တောနော်ရေတံခွန်မှစပြီး မြဝတီအာရှလမ်းပိုင်းတစ်လျှောက်အထိ ယာဉ်ကြောပိတ်ဆို့မှုများရှိနေသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ကားကြီးတွေက လောလောဆယ်တော့ ပိတ်နေတယ်။ ဟိုတစ်ရက်ကတောင် တောနော်ရေတံခွန်နားမှာ စက်ဘီးတင်တဲ့တွဲကားတစ်စီးက ဘေးတစ်စောင်းကြီးဖြစ်ပြီး ကားတွေပိတ်နေတယ်။ ကားလမ်းတွေက အခုထိ ပိတ်နေတုန်းပဲ။ တောနော်ရေတံခွန်ကနေ မြဝတီတက်တဲ့ဘက်ထိ ပိတ်နေတာ။ ဟိုဘက် ဒီဘက် အရှည်ကြီးပဲ ။ ကျနော်တို့တောင်လာတုန်းက အဲ့ဒီလမ်းကို ကျော်ဖို့က ကားဘီးပေါက်သွားတယ်။ ကားကြီးတွေကတော့ ပြန်လှည့်လို့မရဘူး ပိတ်နေတယ်”ဟု ကေအိုင်စီသို့ပြောသည်။

ထို့နောက် မြဝတီကုန်သွယ်ရေးဇုန်မှ အာရှလမ်းမကြီးတစ်လျှောက်ရှိ သွင်းကုန်/ပို့ကုန်ယာဉ်များ အစစ်အဆေးခံရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် သြဂုတ်လ (၂၀)ရက်နေ့တွင် စစ်ကောင်စီတပ်၏ ခရိုင်အုပ်ချုပ် ရေးမှူးဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ခဲ့ကာ ညှိနှိုင်းချက်များကို လိုက်နာကြရန် ထုတ်ပြန်အသိပေး ထားကြောင်း သိရသည်။

အလားတူ မြဝတီကုန်သွယ်ရေးဇုန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ယာယီပိတ်ပင်ထားကာ သြဂုတ်လ(၁၉) ရက်တွင်မူ ဇုန်ကိုပြန်လည်ဖွင့်ပေးလိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ယခုလို ကုန်တင်ကားကြီးနှင့် ပို့ကုန်သွင်းကုန်ယာဉ်များကို စည်းကမ်းချက်များထုတ်ကာ ဖြတ်သန်းသွားခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

Photo: CJ