စက်တင်ဘာလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ယခင် အစိုးရ၀န်ကြီး ၃ ဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီချမှတ် ကျခံနေရသည့် အခြေအနေမှ ယနေ့ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက ပြစ်ဒဏ်လွတ်ရက်စေ့ အခြေအနေဖြင့် ဖားအံတောင် ကလေး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့ အသိမိတ်ဆွေ များ အတည်ပြု ပြောဆိုချက်အရ သိရသည်။
“ဒီမနက် ၈ နာရီ ၃၀ မှာ ထောင်က လွှတ်ပေးလိုက်တာသွားကြိုကြတယ်။ ထောင်ပေါက်၀ကတော့ လွတ်ရက်စေ့လို့ ထောင်ကလွှတ်ပေးတာလို့ပဲ ကနဦး သိရတယ်၊ သူတို့က ထောင် ၂ နှစ်စီကျရာမှာ အခုပြန်လွတ်လာတယ်ပေါ့။ အခုတော့ သူတို့ အိမ်တွေ ပြန်ရောက်ကြပြီ”ဟု သွားရောက်ကြိုဆိုသည့် ၀န်ကြီးဟောင်းတစ်ဦး၏မိတ်ဆွေက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ယခင်အစိုးရ လက်ထက် အစိုးရအဖွဲ့၀င် ၀န်ကြီးချုပ် နန်းခင်ထွေးမြင့်အပါအ၀င် ဌာနဆိုင်ရာ၀န်ကြီးများအား ပြည်နယ်စစ်ကောင်စီဘက်မှ ထောင်ဒဏ်ချမှတ်ခံထားရသည့် ဖြစ်စဉ်တွင် ယခု ပြန်လည်လွတ်မြောက်လာသည့် ၀န်ကြီးဟောင်း ၃ဦးမှာ ဦးဘိုဘိုဝေမောင်(ကရင်ပြည်နယ် လူမှုရေး၀န်ကြီး)၊ ခွန်မျိုးတင့် (ပအိုဝ်းတိုင်းရင်းသားရေးရာ၀န်ကြီး)၊ ဦးမင်းကိုခိုင်(လူ၀င်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အား ဌာန ၀န်ကြီး )တို့ဖြစ်ကြောင်း သိရသည်။



















