Home သတင်း မွန်ပြည်နယ် ကဒါရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျ၍ လူနေအိမ် ထိခိုက်မှုများဖြစ်ပေါ်

မွန်ပြည်နယ် ကဒါရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျ၍ လူနေအိမ် ထိခိုက်မှုများဖြစ်ပေါ်

739
Photo: CJ

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်းကျေးရွာအုပ်စု ကဒါရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ယနေ့ သြဂုတ်လ (၁၇) ရက်နေ့ နံနက် (၆) နာရီအချိန်တွင် တောင်ပေါ် မြေပြိုကျ၍ လူနေအိမ်ထိခိုက်မှုများရှိကာ ၎င်းနေအိမ်များရှိ ပြည်သူများ ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းခဲ့ရကြောင်း ကဒါရွာသားတစ်ဦးက ပြောသည်။

မိုးများပြင်းထန်စွာရွာသွန်းမှုကြောင့် ၎င်းကျေးရွာ၌ မြေများပျော့သည့်အတွက်  တောင်ကျမိုးရေများ စီးဆင်းလာပြီး မြေပြိုကျမှုဖြစ်ပေါ်ခဲ့ကာ လူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့သော်လည်း နေအိမ်အတွင်းရှိ လူများကိုမူထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ကဒါရွာသား ယခုလို ပြောသည်။

“အိမ်ဆောက်ထားတာတွေက အိမ်တိုင်မြင့်တယ်။ ဒါပေမဲ့မြေနိမ့်ပိုင်းလည်းဖြစ်တော့ မိုးနည်းနည်းရွာပြီး လေတိုက် ကြမ်းတာနဲ့ အပင်လဲကျ မီးတိုင်လဲကျပြီး။ မြေကြီးကလည်းပျော့တယ်လေ။ မိုးကလည်းအဆက်မပြတ်ရွာနေတော့ ရေကြီးမှာလည်း ကြောက်နေရတယ်။ အိမ်က (၂) လုံးထိသွားတယ်ကြားတယ်။ လူသေတာတွေတော့မရှိဘူးတဲ့။ အဲ့ဒီထိသွားတဲ့အိမ်က လူတွေကလည်း ကျနော်တို့အသိတွေပဲ။ သူတို့ကတော့ အခုအသိတွေအိမ်မှာပဲ ပြောင်းပြီး နေထားရမှာပေါ့” ဟုပြောသည်။

ထို့အပြင် ကားလမ်းပိုင်းတစ်လျှောက်တွင်လည်း ရေဖြတ်ကျော်မှုများရှိနေကာ မြေနိမ့်ပိုင်းဒေသနှင့် အိမ်ခြေနိမ့်သည့် နေရာများတွင် ရေနှစ်မြှုပ်မှုများ ရှိနေခြင်းကြောင့် အသွားအလာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်းလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယခုလ ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏ နေရာဒေသအတော်များများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများရှိနေပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး၏ နေရာဒေသအချို့တွင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နေသလို ကမ်းလွန်ပင်လယ်ပြင်နှင့် နီးကပ်သည့် ဒေသများအနေဖြင့် ရေဘေးသင့်အန္တရာယ်ကို နားစွင့်ကြရန်လည်း မိုးလေဝသပညာရှင်များက သတိပေးပြောဆိုထားသည်။

ယခုရက်ပိုင်းအတွင်း အမြို့မြို့အနယ်နယ်ရှိ မြို့နယ်အသီးသီးနှင့် ကျေးရွာအနှံ့အပြားတွင် မိုးများအဆက် မပြတ်ရွာသွန်းနေပြီး ရေဘေးသင့်မှုများနှင့်ကြုံတွေ့နေရကာ မေလ (၂၄)ရက်နေ့တုန်းကလည်း မွန်ပြည်နယ်ပေါင်မြို့နယ်အတွင်း လေဆင်နှာ မောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့်ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

Photo: CJ