Home သတင်း ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် မြဝတီ-မယ်ထော်သလေးသွားလမ်းကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ဆေးမှုများ ပြုလုပ်နေ

ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် မြဝတီ-မယ်ထော်သလေးသွားလမ်းကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ဆေးမှုများ ပြုလုပ်နေ

774
Photo: ပုံဟောင်း CJ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ-မယ်ထော်သလေးသွားလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ထားလိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုဘဲ စစ်ဆေးမှုများပြုလုပ်လျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

မြဝတီမြို့ အတွင်းရှိ ဧရာဝတီဓာတ်ဆီနှင့်ကုန်စုံဆိုင် အရှေ့တွင် ဗုံးနှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၎င်းနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေသလို မြဝတီမြို့ တောင်ပိုင်း မယ်ထော်သလေး၊ လေးကေ့ကော်မြို့သစ်သွားလမ်းကိုပါ ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက” ဒီနေ့မနက် ၁၀နာရီခွဲနဲ့ ၁၁ နာရီကြားလောက်မှာ တောင်မြဝတီသစ်တော ကြိုးဝိုင်းရဲ့အလွန်ပေါ့နော် ဧရာဝတီဓာတ်ဆီနဲ့ ကုန်စုံပစ္စည်းရောင်းတဲ့ဆိုင် အရှေ့နားလေးမှာ အဲ့မှာမိုင်းနှစ်လုံးကွဲတယ်။ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ကွဲတယ်။ အသံကတော့တော်တော် ကျယ်တယ်။ ပြီးတော့အဲ့ဒီနေရာကလည်း ၉ သုံးလုံး တပ်ရင်းက ဂိတ်တစ်ဂိတ်ရှိတယ်။ အဲ့ဒီမှာ ကာစီနိုရုံတွေပါရှိတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်းမျိုးမတွေ့ရသေး သလို စစ်ကောင်စီဘက်မှလည်း ၎င်းပေါက်ကွဲမှု ပြုလုပ်သူများကို ဖမ်းဆီးရမိစေရန် လမ်းများကို ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေရာဘက်သို့ သွားလာသူများလည်း နည်းပါးနေကြောင်း မြို့ခံများက ပြောသည်။

“ပေါက်ကွဲမှုဖြစ်ပြီးတော့၊ မြဝတီနဲ့ မယ်ထော်သလေးဆက်သွယ်ထားတဲ့လမ်းပေါ့။ အဲ့ဒီလမ်းကိုပိတ်ထားတယ် အသေအပျောက်ရှိမရှိကတော့မသိရသေးဘူး။ သူတို့ကလမ်းပိတ်ထားတဲ့အတွက် အစောင့်အကြပ်တွေနဲ့ထားထားတဲ့အတွက် သွားပြီးစုံစမ်းလို့လည်းမရဘူး။ အခုလောလောဆယ်ကတော့ လမ်းရှင်းတယ်။ ဟို့ဘက်ဒီဘက်ကိုလည်း ဖြတ်သန်းသွားလာခွင့်တွေ မပြုထားဘူး” ဟု အဆိုပါ မြို့ခံက ဆက်ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားလေ့ရှိသလို မြို့အနီး ဝန်းကျင်တွင်လည်း တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားမှုများရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့က မြဝတီမြို့ အနောက်ဘက်ကွင်းကလေးကျေးရွာဘက်နှင့် သင်္ဃန်းညီနောင်အနီးကျေးရွာများဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာသား လေးဦးလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။