Home သတင်း ကော့ကရိတ်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၂ ခု ဝင်ရောက်တိုက်ခိုက်ခြင်းခံရ

ကော့ကရိတ်မြို့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၂ ခု ဝင်ရောက်တိုက်ခိုက်ခြင်းခံရ

950
Photo: CJ

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း၊ ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်းနှင့် မြို့လယ်နေရာရှိ ကော့ကရိတ်မြို့မရဲစခန်းကို ယနေ့ ဩဂုတ်လ (၁၅)ရက် နံနက်(၁၀)နာရီဝန်းကျင်ခန့်က စစ်အာဏာရှင်တော်လှန်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရဲစခန်းအနီးရှိ ဒေသခံ ပြည်သူများက ပြောသည်။

စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များ နေထိုင်သည့် ၎င်းရဲစခန်း ၂ ခုအား တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင်များက ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မြဝတီလမ်းဟောင်းဘက်က သီးသန့်ရဲစခန်းကို ဝင်ပစ်တာ ခုနကပဲအိမ်ရှေ့ကနေ ကားတစ်စီးအပြည့်နဲ့ ပြန်ဆင်းသွားတာ။ ကျနော်တို့က အနီးကပ်ပဲဆိုတော့ အသံအကျယ်ကြီးကြားနေရတယ်။ အခုပစ်ခံရတဲ့ ရဲစခန်းမှာက ရဲအရာရှိလူကြီးတွေနေတဲ့ နေရာလေ။ ထိတဲ့အိမ်တွေလည်း ရှိတယ်။ သူတို့လက်နက်ကြီး ပစ်တော့ကျနော်ရော၊ အဲ့နားကလူတွေရော ထွက်ပြေးနေရတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အနီးအနားရှိ ကျေးရွာနေအိမ်များကို လက်နက်ကြီးဖြင့် အချက်ပေါင်း ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ၎င်းအနီးဝန်းကျင်ရှိ ပြည်သူများမှာဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ထိုမြို့ခံက ဆက်ပြောသည်။

၎င်းဝင်ရောက်ပစ်ခတ်မှုတွင် စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့ဘက်မှ အထိအခိုက်ကျဆုံးမှုရှိနိုင်ကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရကြောင်းနှင့် ရဲလုံခြုံရေးကတုတ်နှစ်ခုအား မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြို့ခံများက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြို့အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး မြို့အလယ် မြို့မကျောင်းကြီးရှေ့ လမ်းဆုံနေရာတွင် ဖြတ်သန်းသွားလာသည့် ဒေသခံဆိုင်ကယ်အစီး ၄၀ ခန့်နှင့် လူအချို့အား ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ လှိုင်ဝကျေးရွာမှနေ၍ ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများထဲသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေသလို မြို့တွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်း ၂ ခုလည်း မြို့ပြင်နေရာများသို့ စစ်ကြောင်းထွက် လှုပ်ရှားမှုများ လုပ်ဆောင်သည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။