Home သတင်း ကော့ကရိတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီ၏ လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦးထိခိုက်

ကော့ကရိတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီ၏ လက်နက်ကြီးပြန်လည်ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦးထိခိုက်

721
Photo: CJ

ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ယနေ့ ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် လှိုင်ဝအခြေစိုက် စစ်ကောင်စီစခန်းမှနေ၍ လက်နက်ကြီးဖြင့် ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်းကျေးရွာများဘက်သို့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ရန်ကုတ်ကျေးရွာနေ ကလေးငယ်အပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆို သည်။

ယနေ့ နံနက် ၁၀ နာရီကျော် ဝန်းကျင်တွင် စစ်အာဏာရှင်တော်လှန်နေသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့တွင်းရှိ ခရိုင်၊ မြို့မရဲစခန်းနှင့် ဘဏ်လုံခြုံရေးစခန်းများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်တုန့်ပြန်သည့်အနေဖြင့် ကော့ကရိတ်မြို့ အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံ တစ်ဦးက “အခုထိပစ်တုန်းပဲ။ ကောင်းမှု(ကော့မူး)ဘက်ကို ပွိုင့်ထားပြီး ပစ်တာ။ လှိုင်ဝကနေလှမ်းပစ်တာ။ ရန်ကုတ်ဘက်ကို ၂ လုံးကျပြီးတော့ ဒေသခံ ၃ ဦးထိတယ်။ ကလေး နှစ်ယောက်နဲ့ အမျိုးသမီးကြီး တစ်ယောက်ထိတယ်။ လက်နက်ငယ်ပစ်တာတော့ ရပ်သွားပြီး။ ပစ်တာက ၆ လုံးလောက်ရှိပြီး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာတွင် ၅ မိနစ်ခြား တစ်ကြိမ်ပစ်ခတ်နေခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ တောင်ပိုင်း ရှိ အံကောင်ကျေးရွာတွင်လည်း ဒေသခံတစ်ဦး ထိခိုက်မှုရှိကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်တွင် ကော့ကရိတ်မြို့ နှင့် အနီးဝန်းကျင်တွင် စစ်ဆေးမှုများ လုံခြုံရေးများ တင်းကြပ်ထားပြီး အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့်လည်း အသွားအလာ မပြုကြတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခရိုင်ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့အချို့ သေဆုံးသွားပြီး အရှင်ဖမ်းဆီးရမှုများရှိကာ လက်နက် ၆ လက်နှင့် ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။