Home သတင်း သံတောင်လမ်းနီး စစ်ကောင်စီတပ် လမ်းကင်းယူထားသည့်နေရာတွင် ဒေသခံအရပ်သားတစ်ဦး မိုင်းနင်းမိ

သံတောင်လမ်းနီး စစ်ကောင်စီတပ် လမ်းကင်းယူထားသည့်နေရာတွင် ဒေသခံအရပ်သားတစ်ဦး မိုင်းနင်းမိ

168

ဩဂုတ် ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် သံတောင်မြို့နယ် တောင်ငူ-သံတောင်လမ်းမကြီး ပျားစခန်း ၁၀ မိုင်ရွာတွင် စစ်ကောင်စီတပ် လမ်းကင်းလုံခြုံရေးယူခဲ့သည့်နေရာ၌ ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါ မိုင်းနင်းမိသူသည် ပျားစခန်းနေ အသက် ၃၈နှစ်အရွယ် ကိုနေလင်းဆိုသူဖြစ်ပြီး ၎င်း၏ အမျိုးသမီးနှင့်အတူ ခြံထဲသွားရန် ထိုနေရာကို ဖြတ်သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ အဲဒီနေရာက ပြီးခဲ့တဲ့တစ်ရက်၊ နှစ်ရက်ကပဲ စစ်ကောင်စီတပ်က လမ်းလုံခြုံရေးယူထားတဲ့နေရာ ဖြစ်တယ်။ သူက ခြံထဲသွားဖို့ လမ်းဘေးနားမှာ ဆင်းပြီးတို့စရာရှာရင်း မိုင်းနင်းမိသွားတာဖြစ်တယ်။ တချို့ပြောတာကတော့ သေဆုံးပြီး၊ ကျမပြန်ဆက်သွယ်တာကတော့ မသေဆုံးသေးဘူး။ အခြေအနေတော့ဆိုးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မိုင်းနင်းမိသူ ကိုနေလင်းသည် ဘယ်ဘက်ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသည့်အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရသည့်အတွက် လက်ရှိ တောင်ငူဆေးရုံတွင် သွားရောက်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တုန်းလည်း ထိုဒေသခံ မိုင်းနင်းမိသည့် နေရာအနီးတွင် သံတောင် ပြည်သူ့ကာကွယ်ရေး(PDF)တပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်၏ ထောင်ထားသော မိုင်းကို င်းမိပြီး ကျဆုံးသွားခဲ့သေးသည်ဟု သံတောင် (PDF)က ထုတ်ပြန်ထားသည်။