Home သတင်း PDF များကို ဆုကြေးငွေထုတ်ဖမ်းမှုနောက်ပိုင်း ကော့သောင်းမြို့တွင်း အစစ်အဆေးပိုမိုတင်းကြပ်လာ

PDF များကို ဆုကြေးငွေထုတ်ဖမ်းမှုနောက်ပိုင်း ကော့သောင်းမြို့တွင်း အစစ်အဆေးပိုမိုတင်းကြပ်လာ

548
Photo: CJ

ဩဂုတ်လ ၃ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  တပ်ဖွဲ့ဝင်များကို ဖမ်းဆီးပေးပါက ဆုကြေးငွေပေးမည်ဟု ထုတ်ပြန်ထားပြီးနောက်ပိုင်း မြို့အတွင်း ဝင်ထွက်သွားလာမှုများကို အစစ်အဆေးများပိုမိုတင်းကြပ်လာကြောင်း မြို့ခံများက ပြောသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့်လက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် (PDF)တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းပေးလျှင် မြန်မာကျပ်ငွေ(၁၅)သိန်းပေးမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း မြို့တွင်းစစ်ဆေးမှုများနှင့် ငွေညှစ်တောင်းခံမှုများ ပိုမိုပြုလုပ်လာကြောင်း  ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

၎င်းက”မနက်စောစောဈေးသွားပြီးဆို လမ်းမှာစစ်တယ်၊ ဖုန်းတွေကိုအဓိက စစ်တယ်။ ဖုန်းထဲမှာ နိုင်ငံရေးပုံတွေ တွေ့ရင်သူတို့မေးတယ်။ ဘာလို့အဲလိုလုပ်လဲဘာညာ၊ ဘာလို့တင်လဲ အဲ့တာတွေ နင်တို့မသိဘူးလားသူတို့ ပြောတယ်။ ပြီးရင် ဖုန်းကိုပြန်ရွေးခိုင်းတယ်။ ငါးသောင်းအထိ တောင်းတာတွေရှိတယ်။ တချို့တွေဆို နားရင်းကို ရိုက်ခံထိတယ် “ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါစစ်ကောင်စီ၏ လုပ်ရပ်များနှင့်ဆုကြေးငွေ ထုတ်ပြန်ထားမှုအပေါ် ကော့သောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် စောင့်ကြည့်နေပြီး အခြေအနေပေးလာလျှင် စစ်ဆင်ရေးလုပ်ဆောင်သွားရန် စီစဉ်ထား ကြောင်းလည်း ကော့သောင်း PDF ပြောခွင့်ရသူ တစ်ဦးက ယခုလို ပြောသည်။

“ပကဖ အဖွဲ့ဝင်အနေနဲ့ ကလည်း တန်ပြန်စာတွေ ထုတ်ထားတယ်ဗျာ့။ နောက်ပိုင်း အခြေနေပေးရင် mission  လုပ်ဖို့အတွက်လည်း စီစဉ်နေတယ်။ PDF တစ်ဦးဖမ်းပေးရင် ၁၅ သိန်းပေးမယ်ဆိုတာမျိုးနဲ့ ပတ်သက်တာရော သူတို့ဘက်ကလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က စောင့်ကြည့်နေပါတယ်။ မြို့အဝင်အထွက်ပေါက် က တစ်ပေါက်ပဲရှိတာဆိုတော့ သူတို့ဘက်က အားယူပြီးကြီးစိုးနေတာကိုလည်း ဖောက်ထွက်ဖို့ကြိုးစား နေပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကော့သောင်းမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်း ပြည်သူများအား အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်နေပြီး ငွေညှစ်ခြင်း၊ ဖမ်းဆီးထားသူများအား ငွေဖြင့်ရွေးခိုင်းပြီး ပြန်လွှတ်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည်ဟု ‌ဒေသခံများပြောကြားချက်အရ သိရသည်။