Home သတင်း စာသင်ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းထောင်ထားခြင်းကြောင့် ရွာသားများ စိုးရိမ်မှုဖြင့် သွားလာနေရ

စာသင်ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီတပ် မိုင်းထောင်ထားခြင်းကြောင့် ရွာသားများ စိုးရိမ်မှုဖြင့် သွားလာနေရ

235

ဩဂုတ် ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်(ကော့ကရိတ်မြို့နယ်)ရှိ  တောင်ကြာ အင်း(စံပြ)ကျေးရွာ အထက်တန်းကျောင်းဝင်းထဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျောင်းခြံစည်းရိုးနေရာ များတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်းကြောင့် စိုးရိမ်ကြောက်ရွံ့မှုဖြင့် သွားလာနေကြရကြောင်း ဒေသခံရွာသားများက ပြောသည်။

အဆိုပါ စာသင်ကျောင်း၏ ခြံစည်းရိုးအနီးတွင် မိုင်းထောင်ထားမှုကို ကျောင်းဝင်းထဲ တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှအသိပေးပြောဆိုလာမှသာ သိရှိရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ကျောင်းအနီးမှာမိုင်းထောင်ထားတာရှိတာကို ကျောင်းဝင်းမှာ အရင်တပ်လာစွဲတဲ့ စစ်ကောင်စီတပ်အဖွဲ့က သတိပေးပြောလို့ သိရတာ။ အဲဒီတပ်စွဲတဲ့ တစ်ဖွဲ့က ပြန်သွားပြီး အခုတပ်စွဲတဲ့အဖွဲ့က အသစ်ပြန်ရောက်လာ တဲ့အဖွဲ့။ သူတို့က ဘာမှပြောတာမရှိဘူး၊ မိုင်းထောင်ထားသေးလား ပြန်ဖြုတ်လိုက်ပြီးလားဆိုတာတော့ ဘာမှပြောတာမရှိဘူး။ ကျောင်းဘေးမှာ ဘယ်သူမှ မသွားရဲကြတော့ဘူး”ဟု ထိုဒေသခံက ပြောသည်။

ပြီးခဲ့သည့် မတ်လတွင် စာသင်ကျောင်းအနောက်ခြံစည်းရိုးအနီး အစာထွက်ရှာသွားစားသည့် နွားတစ်ကောင် မြေမြှုပ်မိုင်းထိမှန်ဒဏ်ရာရရှိမှ စစ်ကောင်စီတပ်က ရွာသားများအား အသိပေးလာခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံရွာသားက ဆက်ပြောသည်။

ကျောင်းဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၅၀ ဝန်းကျင်ခန့် ရှိပြီး ကျောင်းအရှေ့ရှိ ဟောင်သရောတံတားပေါ်တွင်လည်း ဂိတ်ချထားကာ လူအသွားအလာများကိုစောင့်ကြည့်စစ်ဆေးမှုများလုပ် ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကျောင်းဝင်းထဲ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားနေထိုင်သည့်အတွက် ယခုနှစ်ပညာသင်နှစ်တွင် ဒေသခံ ကျောင်းသူကျောင်းသားများသည် ဘုန်းကြီးကျောင်းဝင်းထဲကို ပြောင်းရွှေ့စာသင်ရပြီး နေရာ အခက်အခဲရှိသည့်အတွက် အချိန်ပိုင်းဖြင့် အတန်းခွဲ၍ စာသင်နေကြရသည်ဟု တောင်ကြာအင်းရွာရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျောင်းမှာ စာသင်မရတော့ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးကျောင်းမှာ ပြောင်းသင်ရတယ်။ နေရာမဆံ့တော့ မူလတန်းကို မနက်ပိုင်းမှာ ပေးတက်ပြီး အလယ်တန်းနဲ့ အထက်တန်းကိုတော့ ညနေပိုင်းမှာ ကျောင်းပေးတက် တယ်။ လူထုတွေက အခုထိ နေ့ပိုင်းပြန်လာနေတယ် ကလေးတွေကျောင်းတက်တော့ပြန်လာပို့ရတယ်။ ညပိုင်းရောက်ရင် ရွာမှာမအိပ်ရဲဘူး၊ တချို့တစ်ခြားရွာမှာသွားအိပ်တယ်။ တချို့က  ဘုန်းကြီးကျောင်းမှာ သွားအိပ်တယ်။ ညပိုင်းဆိုရင် ရွာအပေါ်ပိုင်းနဲ့ အောက်ပိုင်း သူတို့ မပေးကူးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါတောင်ကြာအင်း စာသင်ကျောင်းဝင်းထဲတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများက မကြာခဏ သွားရောက်ပစ်ခတ်မှုရှိသည့်အတွက် ကျောင်းစာသင်ခန်း များထဲတွင် သဲအိတ်များနှင့် အခိုင်အမာထားရှိကာ အကာအကွယ်ယူထားသည်ဟု ဒေသခံများကပြောသည်။

တောင်ကြာအင်းကျေးရွာတွင် ပြီးခဲ့သည့် မတ်လတုန်းက နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်တိုက်ခိုက်မှု စတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်မှ စာသင်ကျောင်းဝင်းထဲတွင် တပ်အင်အား တိုးချဲ့ချထားလာသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးများနှင့် မကြာခဏ ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ဒေသခံလူထုကျည်ထိမှန်ဒဏ်ရာရှိခဲ့သလို လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။