Home သတင်း ဘုရားသုံးဆူမြို့တွင် စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

ဘုရားသုံးဆူမြို့တွင် စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

1476
Photo: CJ

ဇူလိုင်လ ၂၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ယမန်နေ့ ဇူလိုင်လ ၂၇ရက်၊ ညနေ (၄) နာရီခန့်က စည်ပင်ရုံးတွင် အမည်မသိလူအုပ်စုမှ လက်ပစ်ဗုံးဖြင့် ပစ်ဖောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းရုံးနှင့်အနီးတစ်ဝိုက်တွင် လုံခြုံရေး စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၃)တွင်ရှိသည့် စည်ပင်ရုံးသည် အမည်မသိလက်နက်ကိုင် အုပ်စုမှ ယမန်နေ့ ညနေ (၄)နာရီခန့်တွင် သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်များက အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့်အနီး တစ်ဝိုက်ရှိ လမ်းနှစ်ဖက်လုံးကိုပိတ်ဆို့ထားကာ လမ်းသွားလမ်းလာပြည်သူများကို ဖုန်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ စစ်ဆေးရာတွင် နိုင်ငံရေးနှင့်ပက်သတ်သည့်ဓာတ်ပုံများကို ရှာဖွေခြင်း၊ ပါလာသည့်ပစ္စည်းများကို ပိုက်စိပ်တိုက်ရှာဖွေခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ပေါက်တဲ့အသံက အဒေါ်တို့ကြားရတယ်။ အဲ့တာမနေ့ညနေ မိုးခြိမ်းနေတဲ့အချိန်ဆိုတော့ ၄ နာရီလောက် ရှိမှာပေါ့ မိုးတွေရွာတယ်။ ၃ ရက်လောက်ထိ စစ်ဆေးလုပ်မယ်လို့ သတင်းကြားတယ်။ သူတို့အဲ့ဒီအဝမှာ လမ်းပိတ်လိုက်တယ်လေ။ ဟိုဘက်ဒီဘက် အဝကို မပေးသွားဘူး။ ဒီ ၁ ရက် ၂ရက်အတွင်း သတိထားသွားလာဖို့လည်း ကြားတယ်။ သူတို့အဲ့ဒီ ရုံးရှေ့မှာ အစစ်အဆေးတအားလုပ်နေတယ်။”ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်လက်နက်ကိုင် အုပ်စုက ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားခြင်း မတွေ့ရသေးပေ။ ၎င်းနယ်မြေတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် မြေအောက်လှုပ်ရှားဆောင်ရွက်နေသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမြို့အမြို့အနယ်နယ်တွင် ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှု၊ လုယက်မှု စသည့်ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားနေသလို ဘုရားသုံးဆူ မြို့တွင်လည်း စစ်တပ်ထောက်ခံသူတချို့နှင့် မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သေးသည်။