Home သတင်း BGF ၏ ကမမောင်း-ကတိုင်တိ ရေလမ်းကြောင်း ပိတ်ထားမှုကြောင့် ဒေသခံများအလုပ်အကိုင်အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်နေ

BGF ၏ ကမမောင်း-ကတိုင်တိ ရေလမ်းကြောင်း ပိတ်ထားမှုကြောင့် ဒေသခံများအလုပ်အကိုင်အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်နေ

1610

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကမမောင်း-ကတိုင်တိ လမ်းတစ်လျှောက်ရှိ ရွာများ၏ ရေလမ်းကြောင်းကို ယမန်နေ့ဇူလိုင်လ (၂၀)ရက်နေ့မှ စပြီး နယ်ခြားစောင့်တပ်-BGFမှ အကန့်အသတ်မရှိပိတ်ပင်သွားမည်ဖြစ်သောကြောင့် ဒေသခံများအတွက် ကုန်စီးဆင်းမှုနှောင့်နှေးပြီး ကုန်စည်တင်ပို့ရောင်းချခွင့်မရရှိတော့မည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ဆိုသည်။

အမှတ် (၁၀၁၄) နယ်ခြားစောင့်တပ်(BGF)၏ တပ်မှူး ဗိုလ်မှူး မောင်ချစ်ဆိုသူမှ လက်မှတ်ရေးထိုး အသိပေးထုတ်ပြန်ထားသည့် အဆိုပါစာတွင် ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့မှစ၍ ကမမောင်း-ကတိုင်တိ ကားလမ်းမှအပ ကျန်ရှိသောရေလမ်းနှင့် အခြားလမ်းများကို ပိတ်ပင်သွားမည်ဖြစ်ပြီး သာရေး၊ နာရေးများမှလွဲ၍ သွားလာခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကတိုင်တိဒေသခံ တစ်ဦးက “အခုလိုလှေဆိပ်ပိတ်လိုက်တော့အခက်အခဲကတော့အများကြီးပါပဲ။ သွင်းကုန်ပို့ကုန်တွေလည်း နှောင့်နှေးလာတယ်။ မီးသွေးတို့၊ ဒညင်းသီးတို့ကို ပို့ရတဲ့ကုန်တွေက လှေရဲ့ခံနိုင်ဝန်နဲ့သယ်ရတာမို့ ပို့ကုန်အားကျဆင်းလာတယ်။ ရွာထဲမှာလည်း ကုန်ပစ္စည်းပြတ်လပ်မှုက တဖြည်းဖြည်းများလာပြီး။ ရွာထဲမှာပဲစျေးရောင်းချရတာမျိုးပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

ကမမောင်းဒေသတွင် မီးသွေး၊ ဒညင်းသီး၊ ဒူးရင်းသီးအများဆုံးထွက်ရှိရာဒေသဖြစ်ပြီး ယခုလို ရေလမ်းအပြင် အခြားသော ကုန်းလမ်းများကိုပါ ပိတ်ပင်သွားမည့်အပေါ် တောင်ယာလုပ်ကိုင်သူများအနေဖြင့် မြို့ပေါ်သို့ အသီးအနှံ့၊ ကုန်စည်ပစ္စည်များကို တင်ပို့ရောင်းချရန်နှင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်မှုအခက်အခဲများ ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထို့အပြင် ယခုလို (BGF)တပ်ဖွဲ့ဝင်များမှ လှေဆိပ်ကိုပိတ်ပင်ထားခြင်းမှာ ကုန်းလမ်းကြောင်းမှတစ်ဆင့်ရိက္ခာကို ပုံစံမျိုးစုံဖြင့် သယ်ယူနိုင်ရန် စီစဉ်နေခြင်းသာဖြစ်ကြောင်းလည်း ကတိုင်တိ ဒေသခံက ယခုလို ဆက်ပြောသည်။

“မနေ့က ပြန်တက်လာတဲ့လှေတွေရှိတယ်လေ။ နောက်လှေဆိပ်ပိတ်မယ်ဆိုတဲ့အသံထွက်လာတာပဲ။ ကုန်းလမ်းကပိတ်ထားတာ တစ်လကျော်လောက်ရှိပြီး။ ပြန်ဖွင့်ပေးဖို့အတွက်ပြည်သူတွေက တောင်းဆိုဖို့ရှိတယ်။ ရေလမ်းကိုပိတ်ထားပြီး ကုန်းလမ်းကနေ ရိက္ခာသယ်ဖို့ဖြစ်မယ်။ အဲ့ချိန်မှာ(BGF)ဘက်က ရိက္ခာသယ်တာမျိုးပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ရေလမ်းနှင့် အခြားလမ်းများကို ပိတ်ပင်တားမြစ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်ကျူးလွန်မှုများပြုလုပ်ပါက ထိရောက်စွာ အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားပြီး အများပြည်သူများ ကြိုတင်ပြင်ဆင်သိရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်ရှိကျေးရွာများတွင် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့တို့အကြား မကြာခဏဆိုသလိုတိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။ KNLA တပ်ဖွဲ့၏ ပိတ်ဆို့ ဖြတ်တောက်မှုများကြောင့် စစ်ကောင်စီတပ်၏ ရှေ့တန်း တပ်စခန်းများတွင် ရိက္ခာပြတ်လပ်မှုများရှိနေပြီး ၎င်းကို BGF ၏ အကူအညီရယူ၍ ရှေ့တန်း တပ်စခန်းများကို ရိက္ခာလက်နက်ခဲယမ်းများ သယ်ယူနိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။