ဇူလိုင်လ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ယနေ့ည ပစ်ခတ်မှုကြောင့် ကော့နွဲရွာ သားနှစ်ဦးမှာ ကျည်စ အနည်းငယ် ရှပ်ထိခဲ့ကြောင်း ထိခိုက်သူနှင့်နီးစပ်သူများထံမှ သိရသည်။
ဇူလိုင်လ ၂၀ရက်နေ့တွင် ကော့ကရိတ်အခြေစိုက် ခလရ(၉၇)မှ လက်နက်ကြီး ၅လုံးဖြင့် ညဘက်အချိန်တွင် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကော့နွဲရွာအတွင်း လက်နက်ကြီး ၂လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦးနှင့် ရွာသူတစ်ဦးတို့ကို ကျည်စ များ ရှပ်ထိသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းနီးစပ်သူများက ပြောသည်။
ရွာခံတစ်ဦးက “၈နာရီ ၄၅မှာ သုံးလုံးပစ်တယ်။ နောက် ၉နာရီခွဲလောက်မှာတစ်လုံးနဲ့ ၁၀နာရီခွဲလောက်မှာ တစ်လုံး။ ကျည်စရှပ်ထိသူတွေက လက်မှာထိတာပါ။ သူများအိမ်တွေတော့ နည်းနည်းထိတာရှိတယ်။ နွားတစ်ကောင်လည်း ထိ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းလက်နက်ကြီး ပစ်ခတ်မှုမှာ ကော့နွဲကျေးရွာအပြင် အခြားကျေးရွာများ၏ ရွာအပြင်ဘက် ကွင်းနေရာတွင်လည်း ကျရောက်မှုရှိသည်ဟု သိရသည်။
စစ်ကောင်စီများသည် ဇူလိုင်လ ၁၃ရက်နေ့မှစ၍ ကော့ကရိတ်မြို့ပြင်ရှိ ကျေးရွာများဘက်သို့ နေ့စဉ် လက်နက်ကြီးများ ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ယနေ့အချိန်ထိဖြစ်ပြီး ဒေသခံရွာသူရွာသားများမှာ ရှောင်တိမ်းနေထိုင်သူနှင့် ရွာတွင်း သတိကြီးစွာ နေထိုင်နေရသူများ ရှိသည်။



















