Home သတင်း ကော်သူးလေတပ်မတော်အသစ်ဖွဲ့စည်းလိုက်သူ စောနယ်ဒါးမြကို KNU အဖွဲ့မှ ထုတ်ပယ်

ကော်သူးလေတပ်မတော်အသစ်ဖွဲ့စည်းလိုက်သူ စောနယ်ဒါးမြကို KNU အဖွဲ့မှ ထုတ်ပယ်

1380

ဇူလိုင်လ ၂၁ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော်သူးလေတပ်မတော် (Kaw Thoo Lei Army) ကို အသစ်ဖွဲ့စည်း တည်ထောင်လိုက်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ကို ကရင်အမျိုးသားအစည်းအရုံး-KNU မှ ထုတ်ပယ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ ၂၀ရက် ယမန်နေ့ညက ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ကရင်လက်နက်ကိုင်အဖွဲ့အစည်းအသစ်ကို တည်ထောင်လိုက်ခြင်းနှင့်ပတ်သက်ပြီး ယမန်နေ့က ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူလိုက်ကာ ၎င်းကို အဖွဲ့အစည်းမှ ထုတ် ပယ်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ၎င်း၏လုပ်ရပ်များသည် KNU နှင့် မသက်ဆိုင်ပါကြောင်း အသိပေးထားသည်။

ထို့အပြင် ကော်သူးလေတပ်မတော်ဖွဲ့စည်းရေးသည် KNU, KNLA နှင့် ပတ်သက်ခြင်းမရှိပါကြောင်းကို နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်တွင်းပြည်ပ ပြည်သူလူထုနှင့် တော်လှန် ရေးအဖွဲ့အစည်း အသီးသီးသို့ လေးစားစွာ အသိပေးအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူခေါင်းဆောင်တချို့သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ပူးပေါင်း လုပ်ဆောင်မှုများ ရှိနေ သေးသည့်အပေါ် ၎င်းတို့လက်အောက်တွင် စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်း တိုက်ခိုက်ရန် ခက်ခဲလာကြောင်း အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့က ကော်သူးလေတပ်မတော် (Kaw Thoo Lei Army)ကို ဖွဲ့စည်း ကြောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းအပေါ် KNU ဗဟိုဘက်မှ ၎င်းကို အဖွဲ့အ စည်းမှ ထုတ်ပယ်လိုက်ပြီး ယခုလို ပြန်လည်ရှင်းလင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

KNU အဖွဲ့အစည်းမှ ထုတ်ပယ်ခံလိုက်ရသည့် စောနယ်ဒါးမြသည် ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ် အဖွဲ့အစည်း၏ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်တစ်ဦးအနေဖြင့် လိုက်နာရန် ပျက်ကွက်ခဲ့မှုများရှိခဲ့ပြီး ကေအဲန်ယူမှအကြိမ်ကြိမ် ပြန်လည် ဦးဆောင် တည့်မတ်ပေးခဲ့ရကြောင်းလည်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ၂၀၀၇ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ကေအဲန်ယူ တပ်မဟာ (၇)၏ ခွဲထွက်မှုနှင့် ၎င်းမှတဆင့် KNU/KNLA-PC ဖွဲ့စည်းတည်ထောင်မှုတွင် အဖွဲ့၏ အတွင်းရေးမှူး(၁)အဖြစ် ပါဝင်ထုတ်ပြန်ကြေညာခံခဲ့ရပြီး ထိုသို့ပါဝင်မှုနှင့်ပတ်သက် ၍လည်း ၎င်းအနေဖြင့် တရားဝင် ပြန်လည် ရှင်းလင်းထုတ်ပြန်ခြင်းမျိုး ပျက်ကွက်ခဲ့သလို KNDO ဦးစီးချုပ်အနေဖြင့် ကေအဲန်ယူကာကွယ်ရေးဌာနနှင့် KNLA တပ်မှူးများ၏ စည်းမျဉ်းစည်းကမ်းများ ဆုံးဖြတ်ချက်များကို လိုက်နာရန် ပျက် ကွက်ခဲ့ခြင်း၊ နိုင်ငံခြားသို့ အဖွဲ့ဝင်ရာထူးများပေးအပ်ခြင်း ငွေကြေးကောက်ခံမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်း ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် KNU တပ်မဟာ (၆) နယ်မြေ၊ကော့ကရိတ်မြို့နယ်ရှိ ဖလူး-ဝေါ်လေတွင် ဖြစ်ပွားခဲ့သည့် KNDO တပ်ဖွဲ့ဝင်များမှ အရပ်သားများကို သတ်ဖြတ်ကြောင်း စစ်ကောင်စီ၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး ကေအဲန်ယူမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် စောနယ်ဒါးမြကို အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း တာဝန်ခံ ဖြေရှင်းခြင်းမပြု သည့်အပေါ် ၎င်းနှစ် ဇူလိုင်လ ၅ရက်နေ့ KNU၏ ဗဟို အလုပ်အမှုဆောင်ကော်မတီမှ အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး KNU ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်၏ လက်မှတ်ဖြင့် ကနဦး ရာထူး တာဝန်မှ ယာယီ ရပ်စဲခဲ့သည်ဟု ကေအဲန်ယူထုတ်ပြန်ချက်၌ ဖေါ်ပြပါရှိသည်။

ယင်းရပ်စဲမှုကို လက်မခံကြောင်း ဇူလိုင်လ ၁၁ရက်နေ့တွင် ဗိုလ်မှူးချုပ်စောနယ်ဒါးမြက တန်ပြန် သဘောထားထုတ် ပြန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုအပြီးတွင် စောနယ်ဒါးမြကို ရာထူးနှင့် တာဝန်နှစ်ရပ်လုံးမှ ရပ်ဆိုင်းလိုက်ကြောင်း ယခုနှစ် ဇန်နဝါရီလက နောက်ဆုံး ထုတ်ပြန်လိုက်ပြီး ၎င်းနေရာတွင် ဗိုလ်မှူးချုပ်စောရှီးလေကို KNDO ဦးစီးချုပ်အနေဖြင့် ကေအဲန်ယူမှ အစားထိုး ပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။

သို့သော် ထုတ်ပယ်ခံလိုက်ရသူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြအနေဖြင့် (Kaw Thoo Lei Army) ဖွဲ့စည်းတည်ထောင်ရခြင်း မှာ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရာတွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရန်နှင့် အဖွဲ့အစည်းအတွင်း အကွဲအပြဲနှင့် အဖွဲ့အစည်းအပေါ် ပြန်လည်ဆန့်ကျင်လိုခြင်းမဟုတ်ကြောင်း ဇူလိုင်လ ၁၉ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆိုထားမှုရှိသည်။

(Kaw Thoo Lei Army) အဖွဲ့အစည်းသစ် တည်ထောင်ခြင်းနှင့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို အဖွဲ့အစည်းမှ ထုတ်ပယ် ခြင်းကိစ္စရပ်များအပေါ် ကရင်လူထုအကြား ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်ခဲ့သလို ကရင်လူမျိုးအကြား အကွဲအပြဲ ပြဿ နာ ထပ်မံ ဖြစ်ပေါ်လာခြင်းအပေါ် စိုးရိမ်မှုများလည်း မြှင့်တက်လျက်ရှိသည်။

အမေရိကန်ကရင်အဖွဲ့အစည်း(KOA)၏ အတွင်းရေးမှူးဖြစ်သူ စောကရယ်မူက “အဖွဲ့အစည်းထဲမှာ အခုလိုဖြစ်တာက ပထမဦးဆုံးအကြိမ်တော့ မဟုတ်ဘူး။ အရင်ကတည်းက အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးပြီ။ နောက်ထပ်လည်း ထပ်မဖြစ်စေ ချင်တော့ဘူး။ အဲ့တော့ အရေးကြီးတာက ဒါမျိုး နောက်ထပ်မဖြစ်အောင် အရင်က ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းသင်ခန်းစာတွေ ကို ယူသင့်တယ်။ ပြီးတော့ ဒီလိုဖြစ်နေတဲ့ ပြဿနာအရင်းအမြစ်တွေကို ပြန်လည်ဆန်းစစ်သင့်တယ်။ နောက်ပြီး အဖွဲ့ အစည်းအတွင်း တရားဥပဒေစိုးမိုးမှုကိုလည်း အားကောင်းအောင် လုပ်ဖို့သင့်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

စောနယ်ဒါးမြနှင့်ပတ်သက်၍ KNU-ကရင်အမျိုးသားအစည်းအရုံး၏ သတင်းထုတ်ပြန်ချက်၌ ဆက်သွယ်ရန် ပေးထား သည့် ပြောရေးဆိုခွင့်ရှိသူများ၏ ဖုန်းနံပါတ်များကို ကေအိုင်စီက မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်မရဖြစ်ခဲ့ သည်။

အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်ကလည်း လက်ရှိ ဖွဲ့စည်းလိုက်သည့် (Kaw Thoo Lei Army)နှင့်ပတ်သက်ပြီး ယမန်နေ့ည KNU သတင်းထုတ်ပြန်ချက် မထွက်ခင်နာရီပိုင်းက သဘောထား ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ ကော်သူးလေတပ်မတော် ဖွဲ့စည်းမှုသည့် KNLA/KNDO ခေါင်းဆောင်တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ၎င်းတို့အပေါ် ထင်ယောင်ထင်မှား ဖြစ်စေရန် တမင်ဖန်တီးဖွဲ့ စည်းခြင်းသာဖြစ်ပြီး KNLA/KNDO ၏ သဘောထားများ မပါဝင်ကြောင်းလည်း ရှင်းလင်းဖော်ပြထားသည်။

ထို့နောက် KNU နယ်မြေအတွင်းရှိ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး တစ်ခုတည်းသော တပ်မတော်ဖြစ် ပေါ်ရေးအတွက် တပ်မတော်တပ်ဖွဲ့ဝင်များ၏ စစ်ဝတ်စုံ ရင်ဘတ်အိတ်ဖုံးအပေါ်တွင် ကော်သူးလေတပ်မတော်တံဆိပ် အမှတ်အသားကို တူညီဝတ်စုံဖြင့် ဦးစွာ တပ်ဆင်သွားရန် ဆုံးဖြတ်ထားမှုရှိခဲ့သည်။

ယခု ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်သည် တစ်ဦးတစ်ယောက်၏ ဆန္ဒသဘောထားဖြင့်သာ ဖွဲ့စည်းလိုက် ခြင်းသာဖြစ်ကာ KNLA၊ KNDO ခေါင်းဆောင်တပ်မှူး၊တပ်ဗိုလ်များ၏ သဘောဆန္ဒမပါဝင်ကြောင်းနှင့် ၎င်းကို KNLA/ KNDO တပ်မတော်အနေဖြင့် လုံးဝ လက်ခံအသိအမှတ်ပြုမည်မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

ကော်သူးလေတပ်မတော်(Kawthoolei Armed Forces)သည် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေး လိုအပ်ချက်အရ ကရင်လက်နက်ကိုင်အဖွဲ့များ အားလုံးကို ပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် နှစ်စဉ် ဇူလိုင်လ ၅ရက်နေ့ရောက်တိုင်း KNLA အနေဖြင့် ကော်သူးလေတပ် မတော်နေ့ကို တရားဝင် နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပခဲ့ကြကြောင်းလည်း KNLA ၏ ထုတ်ပြန်ရှင်းလင်းချက်၌ ပါရှိသည်။