Home သတင်း မြ၀တီမြို့ပေါ် ရပ်ကွက်များအတွင်း ခိုးမှု၊ ဖောက်ထွင်းမှုများ မြင့်တက်လာနေ

မြ၀တီမြို့ပေါ် ရပ်ကွက်များအတွင်း ခိုးမှု၊ ဖောက်ထွင်းမှုများ မြင့်တက်လာနေ

1496

ဇူလိုင် ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၏ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မြ၀တီမြို့တွင် ယခုတလော ခိုးမှု၊ ဖောက်ထွင်းမှုနှင့် လုယက်ခံရမှုများ မြင့်တက်လာနေကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီအုပ်ချုပ်ရေး အာဏာရယူထားသည့် ယခုအချိန်ကာလအတွင်းတွင် စစ်ကောင်စီရဲတပ်ဖွဲ့များဘက်မှ မြို့ရွာရပ်ကွက်လုံခြုံရေးကိစ္စများအား ဆောင်ရွက် နိုင်မှုမရှိတော့သည့်အတွက် ယခုလို ခိုးမှု၊ ဖောက်ထွင်းမှုများ မြင့်တက်လာခြင်းဖြစ် သည်ဟု မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

” ညတိုင်းတစ်နေရာမဟုတ် တစ်နေရာမှာ ခိုးမှု၊ ဖောက်ထွင်းမှုက ဖြစ်တာပါပဲ၊ အရင်က ကားအစီးလိုက် ခိုးခံရတာ၊ ဆိုင်ကယ်တွေကို ကားနဲ့အဖွဲ့ လိုက်တင်ပြီးခိုး ယူတာတွေ ဆိုင်ခန်းတွေ ဖောက်ထွင်းခံရတာတွေ ဖြစ်တယ်။ အခုတလောဖြစ် တာက သူခိုးအဖွဲ့တွေက လူမနေတဲ့ အိမ်တို့ ၊ တိုက်ခန်းတို့ ခြံကွက် အိမ်တို့ကို လေ့လာပြီးတော့ အဲ့ဒီအိမ်မှာရှိတဲ့ ပရိဘောဂတွေ အဲကွန်းတွေ၊ သံပန်းသံတံခါးတွေ ၊ ရေမော်တာတွေ ၊ အိမ်အသုံးအဆောင်တွေကို နေ့ခင်းဘက် ကိုပဲဖြုတ်ခိုး သယ်ကြတာအထိဖြစ်နေတယ်”ဟု သူက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြ၀တီ မြို့တွင် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများ မြင့်တက်လာနေသည့်ကိစ္စအား မြို့ခံများအနေဖြင့် စစ်ကောင်စီဌာနဆိုင်ရာများသို့ တိုင်တန်းမှုမရှိသလောက်နည်းပါးပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဘက်မှလည်း စုံစမ်းဖော် ထုတ် အရေးယူမှုတစ်စုံတစ်ရာမရှိတော့ကြောင်းလည်း အိမ်စီးကား အခိုးခံရသူ မြို့ခံတစ်ဦးက ပြောသည်။

သူက” ကျနော်ကား အခိုးခံရဘူးတယ်။ သူခိုးခိုးခံရရင် အဲ့ဒီသူခိုး ဖမ်းမိလားဆိုတော့ မမိဘူး၊ အစအနပျောက်ပဲ။ စစ်ကောင်စီအုပ်ချုပ်ရေး၊ ရဲတို့ BGF အဖွဲ့တို့ ကလည်း သူ့အ၀န်းအဝိုင်းလုံခြုံရေးနဲ့ ဒလန်တွေပြောတဲ့ စစ်အာဏာရှင်ဆန့်ကျင်ပြီး နိုင်ငံရေး လုပ်သူတွေကို ဖမ်းတာ၊ နှိပ်စက်တာပဲလုပ်နေတာရှိတယ်၊ ရပ်ကွက်ထဲ ဖြစ်နေ တာတွေ ဘာမှမလုပ်နိုင်ဘူး ၊ မြို့မှာ အခုကနေရတာ ဘယ်နေ့ဘာဖြစ်မလဲ ဆိုတာ တွေးပူနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလှိုင်လ ၁၇ ရက်က မြ၀တီမြို့ဘုရင့်နောင်စျေးကြီးလမ်းမပေါ်ရှိ တိုက်ခန်းအတွင်းသို့ ဖောက်ထွင်း၀င်ရောက်၍ ရုံးသုံးစက်ပစ္စည်းများ၊ တံခါးသံ ပန်းများ၊ လေအေးပေးစက်၊ ရေမော်တာနှင့် ရုံးသုံး ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအား ဖြုတ်ယူသယ်ဆောင် ခိုးယူခံရသည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့သေးပြီး ၎င်းဖောက်ထွင်းခိုးယူသယ်ဆောင်သွားသည့် သူခိုးအဖွဲ့အား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ယင်းတိုက်ခန်းအနီး နေထိုင်သူများ ပြောစကားအရ သိရသည်။