Home သတင်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုး CDM ပြုလုပ်

တပ်မ ၄၄ လက်အောက်ခံ ခမရ ၂၀၇ တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုး CDM ပြုလုပ်

1210

ဇူလိုင်လ ၂၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြဝတီတောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၊ တပ်မ ၄၄ လက်အောက်ခံ ခမရ -၂၀၇ တပ်ရင်းမှ ဒုတပ်ကြပ်ကျော်နိုင်စိုးသည် စစ်ရေးနယ်မြေအတွင်းမှ ဇူလိုင်လ ၁၆ ရက်က နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များထံ CDM (အာဏာဖီဆန်ရေး) ပြုလုပ်ပူးပေါင်းခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ခြင်းနှင့် စစ်တိုက်လိုစိတ်မရှိတော့ခြင်းတို့ကြောင့် ယခုလို CDM လုပ်ခြင်းဖြစ်ကြောင်း KNLA ပူးပေါင်းတပ်များထံ ခိုလှုံလာသူ ဒုတပ်ကြပ်ကျော်နိုင်စိုးက ယခုလို ပြောသည်။

“စစ်တပ်/စစ်သားဆိုတဲ့အသံ ကျနော်မကြားချင်တော့ဘူး၊ မလုပ်ချင်တော့ဘူး။ ရှေ့တန်းတိုက်ပွဲထွက်ရင်လည်း စစ်တာတိုက်ခိုင်းတာ။ ၀င်လမ်းဆုတ်လမ်းမတွက်ဆဘဲ စစ်တိုက်ခိုင်းနေတော့ သေရင်သေ ၊ မသေရင် အရှင်မိအဖမ်းခံရဖို့ပဲရှိတော့တာကို တွေးမိပြီး CDM လုပ်မယ်၊ စစ်မတိုက်နိုင်တော့ဘူး ဗိုလ်မှူးဆိုပြီး ကျနော်ပြော တယ်၊ သူလည်း CDM လုပ်ချင်နေတယ်၊ တခြားစစ်သားတွေလည်း CDM လုပ်ချင်နေကြတယ်၊ ကျနော် စစ်ကြောင်းစွန့်ခွာလာတော့ သူက တပ်စိပ်တစ်စိပ်နဲ့ တောင်ပေါ်ဆက်ပြီးစစ်ကြောင်းနဲ့ပါသွားတော့ ကျနော်ပဲ ထွက်လာခဲ့လိုက်တာ” ဟု သူက ပြောသည်။

CDM ဒုတပ်ကြပ် ကျော်နိုင်စိုးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်က လေးကေကော်မြို့သစ်အား စတင်နယ်မြေရှင်းလင်း စစ်ဆင်ရေးတိုက်ပွဲတွင် ပါ၀င်တိုက်ခိုက်နေစဉ် လက်နက်ကြီးအစမှန်ဒဏ်ရာဖြင့် မြ၀တီ သင်္ဃန်းညီနောင် စစ်ဆေးရုံ၌ ၃ လခန့်အကြာ ဆေးကူသမှုခံယူခဲ့ရပြီးနောက် တစ်ကျော့ပြန် စစ်ဆင်ရေး နယ်မြေအတွင်းသို့ စက်သေနတ်ကိုင် တိုက်ပွဲ၀င်ရန် အမိန့်ပေးစေလွှတ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေအနေမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်မှ စတင်တိုက်ပွဲ ဖြစ်ပွားနေသည့် ဖလူး -ဝေါလေ ၃ ထပ်ကွေ့လမ်းပိုင်းနေရာတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်များ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့ပြီး စားနပ်ရိက္ခာ ပြတ်တောက်ကာ ၉ ရက်ခန့် ထမင်းမစားခဲ့ရကြောင်းသူက ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း အကျအဆုံးများနေသည့်အတွက် တပ်နောက်ပြန်ဆုတ်ခွာခဲ့ရပြီးနောက် ၎င်းကိုင်ဆောင်သည့် စက်သေနတ်နှင့် စစ်အသုံးအဆောင်များအား ထားရစ်ခဲ့ပြီး ယခုလို KNLA ပူးပေါင်းတပ်များထံ CDM ပြုလုပ်ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလ ဇူလိုင်လတွင် ဒုတပ်ကြပ် ကျော်နိုင်စိုးအပါအဝင် တပ်မ ၄၄ မှ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးရှိပြီးဟု KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။