Home သတင်း ကော့နွဲတံတားအလွန်တွင် လောင်စာဆီကားတစ်စီး ပစ်ခတ်ခံရ

ကော့နွဲတံတားအလွန်တွင် လောင်စာဆီကားတစ်စီး ပစ်ခတ်ခံရ

881

ဇူလိုင်လ ၂၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ ကော့နွဲ‌ကျေးရွာ တံတားအကျော် အာရှလမ်းပေါ်တွင် ဇူလိုင်လ ၂၃ရက်၊ ယနေ့မနက်က လောင် စာဆီကားတစ်စီး ပစ်ခတ်ခံရကြောင်း သိရသည်။

ယနေ့နံနက် ၈း၅၀နာရီအချိန်ခန့်တွင် မြဝတီမြို့မှဆင်းလာသည့် AwRa Trading Co., Ltd လောင်စာဆီတင် ကားတစ် စီးပစ်ခတ်ခံရပြီး အာရှလမ်းမပေါ်တွင် စက်ထိုးရပ်သွားခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၎င်းနောက် ၉နာရီကျော်မှစ၍ ၁၂နာရီခွဲအထိ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၇)နှင့် ချောင်းဦးစေတီဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်များသည် မြို့ပြင်ရှိ ကော့နွဲကျေးရွာအုပ်စုဘက် သို့ လက်နက်ကြီးဖြင့် အချက်‌ ၂၀ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့၊ ချောင်းတောင်-ရွှေကြက်မင်းဘုရားလမ်းဘက်မှ စစ်သားအပြည့် တင်ဆောင်လာသော စစ်ကားနှစ်စီး တက်လာပြီး ရွှေကြက်မင်းဘုရားနားတွင် စစ်သားများချပေးလိုက်ပြီး ကော့နွဲရွာဘက်သို့ ခြေလျင်ဖြင့် တက်သွားကြောင်း မြင်တွေ့ခဲ့သူများက ပြောဆိုသည်။

အာရှလမ်းမဘေး ရွာသစ်ကုန်းရှိ နယ်ခြားစောင့်တပ်(BGF)စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဆဲ ဆိုကြိမ်းမောင်းခဲ့သည့်အတွက် ယနေ့ နေ့လည်ဘက်တွင် ထိုနေရာမှ ရွှေ့ပြောင်းသွားကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“အာရှလမ်းဘေး ရွာသစ်ကုန်းက BGF စခန်းတစ်ခု ရွှေ့ပြောင်းလိုက်တယ် ဒီနေ့လည်မှာ။ စစ်ကောင်စီတွေ BGF စခန်း မှာပဲ လာဆဲဆိုသွားတယ်။ BGF တွေက စစ်မတိုက်လို့ အဲလိုပဲပြောတယ်တဲ့။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လောင်စာဆီကား အပစ်ခံရသည့် ဖြစ်စဉ်မှာ မည်သည့်အဖွဲ့အစည်း၏ လုပ်ရပ်ဖြစ်ကြောင်း မသိရှိရသော်လည်း နေ့လည် ၁၁နာရီကျော်တွင် အခင်းဖြစ်နေရာသို့ မီးသတ်ကားနှစ်စီး တက်သွားကာ ပြန်အဆင်းတွင် ကော့နွဲရွာအဝင် အာရှလမ်းဆုံ၌ ရပ်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။