ဇွန်လ ၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ၊ နဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံပြည် သူများမှာ စိုးရိမ်ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြသည်ဟု သိရသည်။
ယခုရက်ပိုင်း ထွက်ပေါ်လာသည့် နယ်မြေရှင်းမည့်သတင်းသည် ဒေသတွင်း လှုပ်ရှားသည့် စစ်ကောင်စီတပ်နှင့် နီးစပ်သူများမှတဆင့် ဒေသခံပြည်သူများက ကြားသိပြီးနောက် တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ကြိုတင်ပြင် ဆင်စရာများ ကြိုတင်ပြင်ဆင်ထားကြရန် ဒေသခံများက ၎င်းတို့နီးစပ်ရာဆွေမျိုးများအား လက်ဆင့်ကမ်း အသိပေးကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒီနဘူးမြို့နယ်မှာ စကစတို့က နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြားရတယ်။ ဘယ်မှာကြားလဲဆိုတော့ သူတို့နဲ့ နီးစပ်နေကြတဲ့သူတွေက ပြောလို့လေ။ တိုက်ပွဲဖြစ်လာဖို့တော့ရှိတယ်တဲ့၊ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေ ကြရတယ်။ ဒါကြောင့် ကျမတို့ဆွေးမျိုးအသိတွေကို ပစ္စည်းတို့၊ အိတ်တို့ အသင့်ပြင်ထားဖို့ ပြောထားတယ် ”ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီမှ နယ်မြေရှင်းရေးလုပ်ဆောင်လာနိုင်ဖွယ် အခြေအနေနှင့်ပတ်သက်၍ ကေအဲန်ယူ၊ တပ်မဟာ(၇) ဘက်မှ သတင်းအချက်အချက်များအတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု တပ်မဟာဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး စောဒိကွယ်က ပြောသည်။
သူက “အဲဒီသတင်းနှင့်ပတ်သက်ပြီးတော့ ကျနော့်ဆီကို သတင်းအချက်အလက် ပို့လာတာမရှိသေးပါဘူး။ သတင်းအချက်အလက် အတည်ပြုနိုင်ဖို့ ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလက်ရှိအချိန်တွင် အဆိုပါနယ်မြေ၌ တိုက်ပွဲများ တစုံတရာဖြစ်ပွားမှုမရှိသေးသဖြင့် ဒေသခံပြည်သူများမှာ ပုံမှန်အတိုင်း သွားလာနေသော်လည်း သတိဝိရိယနှင့်သာသွားလာနေကြရကြောင်း၊ စစ်ကောင်စီဘက်မှ စစ်လေယာဉ်၊ စစ်သုံးဒရုန်းယာဉ်များဖြင့် လာရောက်စုံစမ်းထောက်လှမ်းမှုများ ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံများက ဆိုသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး တပ်မဟာ(၇) ထိန်းချုပ်နယ်မြေတွင် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ထီလုံနှင့် ဒုံရင်း စသည့် မြို့နယ် ၅ မြို့နယ်ရှိသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) ချုပ်ဆိုပြီးနောက်ပိုင်း ယခုအချိန်ထိ KNU တပ်မဟာ(၇)သည် တိုက်ပွဲများဖြစ်ပွားမှု မရှိသေးသည့် တပ်မဟာ တစ်ခုလည်းဖြစ်သည်။



















