Home သတင်း မြဝတီရှိ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များ အသွားအလာ စစ်ကောင်စီကန့်သတ်

မြဝတီရှိ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များ အသွားအလာ စစ်ကောင်စီကန့်သတ်

1371

ဇွန်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဒေသအတွင်းရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် -NCA အပစ်ရပ်ထားသော ကရင်လက်နက်ကိုင်အဖွဲ့များအနေဖြင့် မြို့နှင့် အနီးတဝိုက်ဒေသများသို့ ဖြတ်သန်းသွား လာမည်ဆိုပါက (၂) ရက်ကြိုတင် သတင်းပို့၍ ခွင့်ပြုချက်ရမှသာသွားလာရန် စစ်ကောင်စီက အသိပေးစာ ပေးပို့ကာ ပြောဆိုလိုက်သည်။

မြ၀တီ မြို့နယ်အတွင်းရှိ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC ) စသည့် အပစ်ရပ်အဖွဲ့ ၃ ဖွဲ့၏ ဆက်ဆံရေးရုံးများသို့ မြ၀တီရှေ့တန်းရုံး (၂၇၅ တပ်ရင်း) ယာယီတပ်ရင်းမှူး ဇော်မိုးထွန်း လက်မှတ်ဖြင့် ဇွန်လ ၁၃ ရက်နေ့တွင် အသိပေးအကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အပစ်ရပ်အဖွဲ့ထံမှ သိရသည်။

အသိပေးစာအပေါ် KNU/KNLA -PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ” တာဝန်ရှိသူတွေ အစည်းအဝေး ထိုင်ပြီးတော့ လောလောဆယ် အခြေအနေမှာ ဝင်ထွက်သွားလာဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို ချိတ်ဆက်သွားလာကြမလဲ အဲလိုတော့ ကြားတယ်။ မြဝတီမှာက အဖွဲ့စုံနေကြတယ်လေ။ ကျနော်တို့ PC လည်းရှိ တယ်။ DKBA လည်းရှိတယ်။ အချို့အယောင်အဆောင်လည်းရှိမယ်လေ။ တခုခုဖြစ်လာရင် ဆက်ဆံရုံးကို မေးလာတော့ မသိရှိ၊ နားမလည်တဲ့အပေါ် အခက်အခဲဖြစ်လာစေတာပေါ့နော်။ အဲဒါကြောင့် ကျနော်နားလည်တာ သူတို့ ဝင်ထွက်သွားလာမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် အသိပေးကြဖို့ပေါ့နော်။ “ဟု ပြောသည်။

စစ်ကောင်စီတပ်၏ အသိပေးစာအရ အပစ်ရပ်အဖွဲ့များအနေဖြင့် မိမိတို့သတ်မှတ်ထားသော နယ်မြေအတွင်း၌သာ ယူနီဖောင်းဝတ်ဆင် လက်နက်ကိုင်သွားလာရန်၊ လုံခြုံရေးနယ်မြေပြင်ပသို့ သွားလာရာတွင် ယူနီဖောင်း ဝတ်ဆင်၍ လက်နက်ကိုင်ဆောင်သွားခြင်းများ မပြုစေရန်နှင့် မြ၀တီမြို့နှင့် အနီးတဝိုက်ဒေသများသို့ ဖြတ်သန်းသွား လာမည်ဆိုပါက (၂) ရက်ကြိုတင် သတင်းပို့၍ ခွင့်ပြုချက်ရမှသာသွားရန် ဖော်ပြထားသည်။

ထို့အပြင် သတင်းပို့တင်ပြရာတွင်လည်း ဦးစီးခေါင်းဆောင်၊ အင်အား၊ သွားရောက်မည့်အကြောင်းအရာ၊ ခရီးစဉ်(မှ-သို့) /( သွား/ပြန်)၊ သုံးစွဲမည့် ယာဉ်အမျိုးအစား၊ နံပါတ်၊ အရောင်နှင့် သွားရောက်မည့်ရက်၊ ပြန်လည်ရောက်ရှိမည့်ရက်တို့ကို အသေးစိတ်ထည့်သွင်းတင်ပြရမည်ဟု ဖော်ပြပါရှိသည်။

” မနေ့တစ်နေ့ကမှ သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတက်ပြီး ပြန်လာတဲ့အဖွဲ့ကို ဒီလိုလုပ်တယ် ကန့် သတ်တယ်ဆိုတော့ တပ်ဖွဲ့၀င်တွေက မြို့မှာရော၊ ရွာမှာရော နေရာစုံမှာ နေနေကြတာလေ၊ ပြီးတော့ တပ်ဖွဲ့ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုလုပ်ငန်းတွေ လုပ်ကိုင်သွားလာနေကြရတာတွေရှိတော့ အခြေအနေကတော့ အောက်ခြေတပ်ဖွဲ့၀င်တွေနဲ့တော့ ထိပ်တိုက်တွေ့လာနိုင်တယ်လေ” ဟု မြဝတီရှိ လက်နက်ကိုင်အဖွဲ့မှ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်မှ ၂၈ ရက်အထိ စစ်ကောင်စီ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးသည့်တွေ့ဆုံပွဲသို့ KNU/KNLA-PC အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ပြီး ယခုရက်ပိုင်းများအတွင်း DKBA တပ်ဖွဲ့ခေါင်းဆောင်များ အနေဖြင့်လည်း စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ သွားရောက်တွေ့ဆုံရန် အောက်ခြေတပ်မှူးများ ပြင်ဆင်နေသည်ဟု နီးစပ်သူများက ပြောသည်။

NCA အပစ်ရပ်ထိုးထားသည့် KNU အနေဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား မတက်ရောက်နိုင် ကြောင်း အကြောင်းပြန်ထားသည့်အချိန် စစ်ကောင်စီဘက်မှ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များအပေါ် နယ်မြေ ကျော်လွန် သွားလာခွင့်အား ကန့်သတ်သည့် အသိပေးစာထွက်ပေါ်လာခြင်းဖြစ်သည်။