Home သတင်း ကာစီနိုရုံများတွင် BGFတပ်များ လုံခြုံရေးပိုမိုချထားလာမှုကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်နေ

ကာစီနိုရုံများတွင် BGFတပ်များ လုံခြုံရေးပိုမိုချထားလာမှုကြောင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်နေ

884
Photo: CJ

ဇွန် ၁၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်တွင်တည်ရှိသော နယ်ခြား စောင့်တပ်-BGF အဖွဲ့ပိုင် ကာစီနိုလောင်းကစားရုံများ၏ အပြင်ဘက်များတွင် ခံတပ်သဘောမျိုးနှင့် လုံခြုံရေး များကို အခိုင်အမာချထားလာသောကြောင့် မြို့တွင်း တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်တာကာလအတွင်း မြဝတီမြို့၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ အမှတ် (၃) ကြံခင်းလမ်း၊ အမှတ်(၂) သဲပုံဂိတ်နှင့် အမှတ်(၅) ဝါးတော ကိုးသုံးလုံးဂိတ်များရှိ ကာစီနိုရုံများကို ခြံများ ခတ်ထားပြီး BGF တပ်များ ယခင်ကထက် ကင်းပိုချထားပြီး စောင့်ကြပ်ထားသောကြောင့် မြို့အတွင်း တိုက်ပွဲဖြစ်လာနိုင်မည်ကို စိုးရိမ်နေကြရသည်ဟု ကာစီနိုရုံအနီးရှိ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

” အခု က ကာစီနိုရုံမှာ သူတို့က နေ့တိုင်းကင်းချထားတာ။ ကျနော်တို့နားမှာလည်း ဘယ်တော့ဗုံးပေါက်မလဲ အဲ့တာပဲစိုးရိမ်နေရတာ။ အခုဆိုမြို့ထဲမှာက ခဏခဏ ဗုံးပေါက်နေတာ။ ဟိုတစ်နေ့ကဆို ကြံ့ခိုင်ရေးရုံး ဗုံးပေါက် တယ်။ ပေါက်လိုက်ရင်လည်း အဲ့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကြီးပဲပေါက်တာ။ အခုလည်း သူတို့ ကာစီနို ရုံမှာကင်းချထားတယ်ဆိုတော့ သူတို့ကို တခြားအဖွဲ့တွေက လာတိုက်မှာစိုးလို့ချထားတယ်လို့ ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ လုံခြုံရေးတင်းကြပ်ထားသည့် မြဝတီမြို့ပေါ်တွင်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ် အကြိမ် (၂၀)ထက် မနည်းဖြစ်ပွားခဲ့ပြီး မြဝတီအနီးတွင် စစ်ကောင်စီနှင့် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီလ၂၉ ရက်နေ့တွင်လည်း မြဝတီမြို့နယ် အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘိုအနီးရှိမချောလေး ကုန်းတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား၍ မြို့နေပြည်သူအချို့လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသေးသည်။ ထို့ကြောင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားလာမည်ကိုလည်း မြဝတီမြို့ခံများက စိုးရိမ်နေကြကြောင်း သိရသည်။