Home သတင်း မြဝတီမြို့အနီး မယ်ထော်သလေးရွာရှိ စစ်ဘေးရှောင်နေအိမ်အား စစ်ကောင်စီချိပ်ပိတ်

မြဝတီမြို့အနီး မယ်ထော်သလေးရွာရှိ စစ်ဘေးရှောင်နေအိမ်အား စစ်ကောင်စီချိပ်ပိတ်

484
Photo: CJ (ပုံဟောင်း)

ဇွန်လ ၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များနှစ်ဖက် စစ်ရေးတင်း မာနေဆဲဖြစ်သည့် မြဝတီတောင်ဘက် မယ်ထော်သလေးကျေးရွာရှိ စစ်ရှောင်တစ်ဦး၏ စတိုးဆိုင်နှင့် နေအိမ်အား စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ဇွန်လ ၈ ရက်က အာဏာသိမ်းစစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအချို့ပါ၀င်သော အဖွဲ့သည် မယ်ထော်သလေး၊ ပဟိကလော်ကျေးရွာလမ်းဆုံရှိ ကျေးရွာဒေသခံ တစ်ဦး၏ စတိုးဆိုင်နှင့်နေအိမ်အား လာရောက် ချိပ်ပိတ်သိမ်းသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“မနေ့က စစ်တပ်အဖွဲ့တွေ မယ်ထော်သလေးနဲ့ ပဟိကလော်လမ်းဆုံဘက်ကိုလာတယ်။ စစ်ဘေးရှောင်နေကြတဲ့ KNU မိသားစုအိမ်တွေ၊ ဆိုင်ခန်းတန်းလျားတွေဘက် စစ်မေးတာတွေလုပ်တယ်၊ ပြီးတော့ မယ်ထော်သလေး လမ်းဆုံဘက်အခြမ်းက ဂျူပီတာဆိုတဲ့ ကိုစည်သူရဲ့ အိမ်နဲ့ဖုန်းတွေ၊ ကွန်ပျူတာတွေ ၊ အိမ်သုံးပစ္စည်းတွေ ရောင်းတဲ့ စတိုးဆိုင်အိမ်ကို လာချိပ်ပိတ်သွားတယ်၊ အဲ့ဒီမိသားစုကလည်း မရှိဘူး၊ စစ်ဘေးရှောင်နေကြတယ်”ဟု ၎င်းဒေသခံရွာသားက ပြောသည်။

မယ်ထော်သလေးကျေးရွာ လမ်းဆုံနေရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ချိန်တွင် စစ်ကောင်စီဘက် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ်များ၊ စျေးဆိုင်များ ၊ သီလရှင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ရေသန့်စက်ရုံ ၊ လျှပ်စစ် ထရွမ်စ ဖော်မာများ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံရွာသားများလည်း ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ သည်။

ပြီးခဲ့သည့် ၂၀၂၂ ဧပြီလမှ စတင်ကာ စစ်ဘေးရှောင် ဒေသခံရွာသားအချို့ နေရပ်ပြန်လည်နေထိုင်နေကြ သော်လည်း စျေးများ၊ ကျောင်းများ၊ ကုန်စုံဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသလို ဒေသတောင်ယာပဲ၊ ပြောင်းစိုက်ခင်းများလည်း ပြန်စိုက်ပျိုးသူ အနည်းအကျဉ်းသာ ရှိနေသေးကြောင်း ဒေသခံရွာသားများက ပြော သည်။

ပဟိကလော်ရွာသားတစ်ဦးက ” မယ်ထော်သလေး၊ မင်လက်ပံ၊ ပဟိကလော်၊ လေးကေကော်ဘက်ကို လမ်းခွဲသွား တဲ့လမ်းဆုံနေရာပါ၊ တိုက်ပွဲဖြစ်တော့ အကုန်ပြေးကြရတယ်၊ အခုပြန်လာနေနေတော့လည်း စိတ်တော့ မချရ သေးဘူး၊ KNU မိသားစုတွေရဲ့အိမ်တွေ၊ ဆိုင်ခန်းတွေ၊ နောက်ပြီး KNU ရဲဌာနနဲ့သစ်တောဌာန ရုံးလည်းရှိတယ်၊ ရွာကလည်း KNU မိသားစုတွေ နေကြတာများတယ်။ စစ်ရှောင်နေကြတာများတယ်၊ နည်းနည်းပါးပါးပဲ ပြန်လာနေကြတာ၊ စိုက်တာပျိုးတာ နည်းနည်းပဲရှိသေးတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က စစ်ကောင်စီ၊ BGF နှင့် DKBA တပ်ဖွဲ့ခေါင်းဆောင်များ ဖလူးကြီးကျေးရွာသို့ စစ်ကြောင်းလုံခြုံရေးဖြင့်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နေကြရန်၊ စိုက်ပျိုးရေးပြန်လည်လုပ် ကိုင်ရန်၊ စာသင်ကျောင်းများ ပြန်ဖွင့်ရန် လာရောက်ပြောဆိုခဲ့ပြီး ၎င်းတို့စစ်ကောင်စီတပ်များကျေးရွာတွင်း အခြေချစခန်းများ ပြန်လည်ဆုတ်ခွာပေးနိုင်ရန် စီစဉ်လုပ်ဆောင်မည်ဟု ကျေးရွာဒေသခံများအား ပြောဆိုခဲ့သည်။

သို့သော် ယခု ဇွန်လ ၈ ရက်နေ့တွင် ဒေသခံစျေးဆိုင်နှင့်နေအိမ်အား ချိပ်ပိတ်သိမ်းခြင်းနှင့် KNU မိသားစုနေ အိမ်များ၊ စျေးဆိုင်တန်းလျားများအား စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် စစ်ဘေးရှောင် နေသူများ နေရပ်ပြန်နေထိုင်ကြရာတွင် စစ်ကောင်စီအဖွဲ့များ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုများရှိလာမည်ကို စိုးရိမ်နေကြောင်း စစ်ရှောင်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း မြဝတီမြို့ ကြံခင်းရပ်ကွက်ရှိ NUG အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ဖြစ်သူ မန်းဝင်းခိုင်သန်း၏ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့သလို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်းတွင် ဖွင့်လှစ်ထားသော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်သည့် ရွှေဆိုင်ကို စစ်ကောင်စီရဲတပ်ဖွဲ့က သိမ်းဆည်းချိတ်ပိတ်ခဲ့သေးသည်။