Home သတင်း ရောနှောအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းအချို့ ပြန်လည်မဖွင့်လှစ်နိုင်သေး

ရောနှောအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းအချို့ ပြန်လည်မဖွင့်လှစ်နိုင်သေး

666
Photo: ပုံဟောင်း (CJ)

ဇွန်လ ၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေ၊ ဖားအံမြို့နယ်တွင် နှစ်ဖက်ရောနှောအုပ်ချုပ်နယ်မြေထဲရှိ စာသင်ကျောင်းအချို့ ယခုအချိန်ထိ ပြန်လည်မဖွင့်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံကျေးရွာ တာဝန်ရှိသူထံမှ သိရသည်။

ကေအဲန်ယူနှင့်စစ်ကောင်စီတို့ ရောနှောအုပ်ချုပ်နယ်မြေဖြစ်သော ဝဲပျံနှင့် တကောင်ဘိုးကျေးရွာအုပ်စုရှိ ကျေးရွာ အချို့တွင် ကိုယ်ထူကိုယ်ထပုံစံဖြင့် ကျောင်းပြန်လည်ဖွင့်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်က လာရောက် ဖိအားပေးရန်ရှာလာမည်ကို စိုးရိမ်သဖြင့် ယခုအချိန်ထိ ကျောင်းပြန်မဖွင့်ရဲသေးကြောင်း ဝဲပျံကျေးရွာအုပ်စုရှိ ကျောင်းသားမိဘနှင့် ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ကျေးရွာတာဝန်ရှိသူတစ်ဦးက “ ကျနော်တို့ရွာမှာကတော့ ကိုယ်ထူကိုယ်ထဖွင့်ရင် ကလေးတွေကို စာပြန် သင်ပေး နိုင်တဲ့လူတွေက သိပ်မရှိဘူး။ အစိုးရကျောင်းဆရာမ မလာရင်အခက်အခဲရှိတယ်။ တကယ်လို့ ကော်သူးလေဘက် ဆရာမလာသင်ရင်လည်း ကမမောင်းဘက်က စစ်တပ်တွေ လာရှုပ်မလား အဲဒါတွေ စိုးရိမ်ရတယ်။ ဒီအချိန် အစိုးရ ကျောင်းဆရာမလာလို့မရလောက်သေးဘူး။ ဒီနှစ်လည်းကလေးတွေ ကျောင်းမတက်ရဘူးထင်တယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ဝဲပျံကျေးရွာအုပ်စုတွင် ယခုနှစ်ပြန်မဖွင့်လှစ်နိုင်သေးသည့် စာသင်ကျောင်းပေါင်း (၇) ကျောင်းရှိသလို တကောင်ဘိုးကျေးရွာအုပ်စုတွင်လည်း လုံခြုံရေးအာမခံချက်မရှိသောကြောင့် ပြန်လည်မဖွင့်နိုင်သည့် စာသင်ကျောင်းအချို့ရှိသေးသည်ဟု ဒေသခံထံမှ သိရသည်။

သထုံခရိုင်၊ ဖားအံမြို့နယ်အပြင် အခြားသော နှစ်ဘက်ရောနှောအုပ်ချုပ်နယ်မြေအချို့တွင်လည်း လုံခြုံရေးအခြေအနေကြောင့် ပြန်မဖွင့်လှစ်နိုင်သည့် စာသင်ကျောင်းအမြောက်အများရှိသေးကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ဗဟို အတွင်းရေးမှူး ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ကတော့ လူထုတွေရဲ့သဘောပဲ။ ဘယ်လိုပုံစံနဲ့ကျောင်းပြန်ဖွင့်ဖွင့်ပေါ့။ ကျောင်းသားမိဘတို့၊ ကျေးရွာတာဝန်ရှိသူတို့ စီစဉ်တဲ့အတိုင်းပဲ။ ဒါပေမယ့် ကျောင်းမဖွင့်နိုင်တဲ့ရွာတွေကတော့ အတတ်နိုင်ဆုံး ကိုယ်ထူ ကိုယ်ထနဲ့တော့ ပြန်စဖွင့်ဖို့ တိုက်တွန်းတာတွေတော့ရှိတယ်။ လုံခြုံမှုမရှိတဲ့ရွာ တွေကတော့ ကျနော်တို့ တွန်းအားမပေးဘူး။ ကျောင်းဖွင့်ဖြစ်ရင်တော့ ကျနော်တို့က ကူညီမယ့်နည်း လမ်းလိုအပ်ရင် တတ်နိုင်သလောက်ကူညီပေးသွားမယ်”ဟု ပဒိုစောလောအယ်မူးက ပြောသည်။

ထို့အတူ ကေအဲန်ယူ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ရောနှောအုပ်ချုပ်နယ်မြေအချို့တွင်လည်း ကိုယ်ထူကိုယ်ထကျောင်းအစီအစဉ်ဖြင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရာမှာ စစ်ကောင်စီ တာဝန်ရှိသူ များက လာရောက်ဖိအားပေးခြိမ်းမှုများရှိခဲ့ကြောင်းလည်း ကေအဲန်ယူ သတင်းနှင့် ပြန်ကြားရေးဌာနက ဇွန်လ ၂ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်နှင့် စစ်တပ်အာဏာမသိမ်းခင်ကာလတွင် KECD ပညာရေးဌာန စီမံခန့်ခွဲမှု အောက်တွင် စာသင်ကျောင်းပေါင်း (၁,၄၀၀) ကျော်ရှိသော်လည်း ၂၀၂၁- ၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် စာသင်ကျောင်းပေါင်း ၁,၀၉၀ ကျော်သာ ပြန်ဖွင့်လှစ်နိုင်ပြီး စာသင်ကျောင်းပေါင်း ၃၀၀ ကျော် ယခုအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း KECD တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသည့် စာသင်ကျောင်းများမှာ နှစ်ဘက်ရောနှောအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းများဖြစ်ကြသည်ဟု သိရသည်။

၎င်းအပြင် နှစ်ဘက်ရောနှောအုပ်ချုပ်နယ်မြေအတွင်းရှိ စာသင်ကျောင်းအချို့သည် ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ပြန်ဖွင့်နိုင်သော်လည်း မူလတန်းပညာအဆင့်သာ ပြန်ဖွင့်နိုင်ကာ အလယ်တန်း၊ အထက်တန်းကျောင်းအဆင့်ထိ ပြန်လည်ဖွင့်လှစ်နိုင်သည့် စာသင်ကျောင်းမှာ အနည်းငယ်သာရှိသည်ဟု KECD တာဝန်ရှိသူများထံမှ သိရသည်။

ယခင်က မြန်မာအစိုးရ စာသင်ကျောင်းများတွင်တက်ရောက်ပြီး အလယ်တန်းနှင့် အထက်အတန်းအဆင့် ဆက်တက်ရမည့် ကျောင်းသူကျောင်းသားအများစုမှာ ပညာဆက်လက်သင်ယူနိုင်ရန် ကော်သူးလေအစိုးရ ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် ပြောင်းရွှေ့တက်ရောက်ကြသူများပြားသည့်အတွက် ယခုနှစ်တွင် ကျောင်းဆောင်မလုံလောက်မှုအခက်အခဲများကြုံတွေ့နေရသည်ဟု ကျောင်းတာဝန်ရှိသူထံမှ သိရသည်။