Home သတင်း သောင်ရင်းမြစ်ရေ နောက်လာသဖြင့် လေးကေကော်ဒေသ စစ်ရှောင်များ သောက်သုံးရေ အခက်အခဲ ကြုံနေရ

သောင်ရင်းမြစ်ရေ နောက်လာသဖြင့် လေးကေကော်ဒေသ စစ်ရှောင်များ သောက်သုံးရေ အခက်အခဲ ကြုံနေရ

842

မေလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်သောင်ရင်း မြစ်ဘေးတွင် စစ်ဘေးရှောင်နေရသော လေးကေကော်ဒေသစစ်ရှောင်များသည် ယခုမေလမိုးရွာသွန်း၍ တောင်ကျမိုးရေ သောင်ရင်းမြစ်အတွင်း စီး၀င်လာသည့်ကာလဖြစ်သည့်အတွက် မြစ်ရေ နောက်ကျိလာပြီး သောက်သုံးမရသည့် အခြေအနေကြောင့် မိသားစုများသောက်သုံးရေ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

သောင်ရင်းမြစ်ဘေးတွင် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ ၊ ဖလူးကြီး၊ ဖလူးလေးကျေးရွာမှ စစ်ရှောင် ဒေသခံ ၅၀၀၀ ကျော်သည် စစ်ဘေးရှောင်စဉ်ကာလအတွင်း သောင်ရင်းမြစ်ရေကိုသာ အဓိက အားထား ချက်ပြုတ်စားသောက် နေထိုင်နေရသည့်ကာလ ၅ လကျော် ကြာမြင့်လာချိန် ယခုမိုးရာသီ ကျရောက်လာသည့်အချိန်တွင် တောင်ကျမိုးရေကြောင့် မြစ်ရေသန့်ရှင်းမှုမရှိတော့ဘဲ ရေနောက်လာသည့် အခြေအနေအား ကြုံတွေ့ နေကြရသည့်အတွက် သောက်သုံးရေရရှိရန် အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတွင် အကူအညီ ပေးနေသူက ပြောသည်။

သူက “တောင်ကျမိုးရေက သောင်ရင်းမြစ်ထဲ စီးဆင်းလာပြီဆိုတော့ ရေကသောက်သုံးဖို့ အဆင်မပြေတော့ဘူး၊ ချက်ဖို့ပြုတ်ဖို့/အဆင်မပြေတော့ဘူး၊ ရေကြည်ရေသန့်ဖြစ်ဖို့ ခက်ခဲလာပြီ ၊ ရေသန့်စင်တဲ့ စက်တွေ ၊ ရေစစ်စင်တွေက ရေထွက်နှုန်းနဲ့ စစ်ဘေးရှောင်လူဦးရေ မမျှတတော့ဘူး ဖြစ်လာပြီ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရေမသန့်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် ၀မ်းပျက်၀မ်းလျှောနှင့် အရေပြားအနာဖြစ်သည့် ရောဂါဖြစ်ပွားလျက်ရှိသလို မိုးရွာသွန်း၍ ရေ၀ပ်သဖြင့် ခြင်ကြောင့် ငှက်ဖျားနှင့် သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားကြမည့် အခြေအနေနှင့် ဆက်စပ်နေသည်ဟုလည်း ၎င်းစစ်ရှောင်ကူညီသူက ဆက်ပြောသည်။

“ဒါက အခုမိုးလေမကြီးခင်ကတည်းက ပြင်ဆင်ထားမှ တော်ကာကျမယ် ထင်ပါတယ်။ ရေသန့်စင်ဖို့နဲ့ ဆေးဝါးလိုအပ်ချက်တွေအတွက် အကူအညီတွေလိုအပ်နေပါတယ်” ဟု လေးကေကော် ဒေသ စစ်ဘေးရှောင် စခန်း ကူညီဆောင်ရွက်နေသူက ပြောသည်။

လေးကေကော်ဒေသမှ ကျောက်ခက်၊ လေးဒေး၊ ဝေါလေ ၊ ကနဲလေး၊ တဥုထ၊ တနော့ထ၊ သေ့ဘောဘိုး ၊ ကလော့ထော်၊ စုကလိ၊ ဒေသဘက်အထိအစုအဖွဲ့အလိုက် စစ်ဘေးရှောင် နေကြရသူ ၁၅,၀၀၀ ကျော်အထိရှိ နေဆဲဖြစ်ပြီး မိုးရာသီနေထိုင်စားသောက်မှု၊ ပညာရေး ၊ ကျန်းမာရေး၊ အရေးပေါ် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိရန် အကူအညီ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီရေးဆောင်ရွက်သူများက ပြောသည်။

ဒေသတွင်း နယ်ကျော်၀င်ရောက်လာနေသည့် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် -KNLA တပ်များ နှစ်ဖက်တိုက်ပွဲများ ဆက်လက် စစ်ရေးတင်းမာနေဆဲ အခြေအနေတွင် နေ့စဉ်ပြောက်ကျား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စစ်ဘေးရှောင်အကူအညီပေးရေးအဖွဲ့များ ၀င်ရောက်အကူအညီပေးရန် အခက်အခဲများရှိနေကြောင်း သိရှိရသည်။