Home သတင်း စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ရန် စဉ်းစားလုပ်ဆောင်သင့်သည့် တိုက်တွန်းချက် (၅)ချက် PNFC ထုတ်ပြန်

စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်ရန် စဉ်းစားလုပ်ဆောင်သင့်သည့် တိုက်တွန်းချက် (၅)ချက် PNFC ထုတ်ပြန်

929

မေလ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းမှန်ဖြစ်ပေါ်စေရေး အတွက် စစ်ကောင်စီအပါအဝင် ၎င်း၏ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအနေဖြင့် ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့် သည့် တိုက်တွန်းချက် (၅)ချက်ပါ ပန်ကြားချက်ကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)က ယမန်နေ့ မေလ ၁၂ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အရ လတ်တလော စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ ငြိမ်း ချမ်းရေးဆွေးနွေးရန်ရှိသည့်အပေါ်စစ်ကောင်စီအနေဖြင့် တကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် သွားလိုခြင်း မဟုတ်ဘဲ စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက်သာဖြစ်ကြောင်းကို သတိချပ်စေရန် တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း ကောင်စီ၏ ပြောခွင့်ရ ခွန်ဝါးက ယခုလို ပြောသည်။

“အခု စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးက တကယ်ငြိမ်းချမ်းရေးကို သွားမှာမဟုတ်ဘူး ဆိုတဲ့ဟာမျိုးကို အဓိက မီးမောင်းထိုးပြချင်တာရယ်၊ တကယ်လို့ ငြိမ်းချမ်းရေးခေါင်းစဉ်နဲ့ မင်းအောင်လှိုင်ဖိတ်ခေါ်တာကို သွားဖြစ်တယ်ဆိုရင် လည်း လက်ရှိ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေ အများဆုံး အားလုံးပါဝင်ရေးမူကို အခြေခံဖို့နဲ့ နိုင်ငံတကာရဲ့ အခန်းကဏ္ဍ လည်းပါဖို့ လိုအပ်တယ်ဆိုတဲ့ဟာမျိုးကို မီးမောင်းထိုးပြချင်တာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်လျှောက်လှမ်းလိုလျှင် လက်ရှိတော်လှန် ရေးတွင် ပါဝင်သူအားလုံးအပစ်ရပ်နိုင်ရန် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် အပစ်ရပ်ကြေညာပြီး အကြမ်းဖက်လုပ် ရပ်များကို လက်တွေ့ရပ်ဆိုင်းရန်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်သည့် အင်အားစုများကို ရက်စက်သည့်နှိမ်နင်းမှုများ ချက်ချင်းရပ်တန့်ပြီး ဖမ်းဆီးထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ပေးရမည်ဖြစ် ကြောင်း (PNFC)က တိုက်တွန်းထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ(NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)အပါအဝင် တိုင်းရင်းသား တော် လှန်ရေး အင်အားစုများအားလုံး ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သ လို ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ ပါဝင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း အချက်(၅)ချက်ဖြင့် တိုက် တွန်းပန်ကြားထားသည်။

လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့နှင့် အပစ်ရပ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ တက်ရောက်ရန် စာရင်းပေးထား ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို မတက်ရောက်သည့် အဖွဲ့အစည်းများလည်း အသီးသီး သဘောထား ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုသည် တိုက်လိုက်၊ ဆွေးနွေးလိုက် သံသရာမှ ရုန်းထွက်နိုင်မည့် ဖိတ်ခေါ်မှုမျိုး မဟုတ်ကြောင်းနှင့် လက်ရှိ နိုင်ငံရေး ပြဿနာကိုလည်း လူအစုအဖွဲ့အနည်းငယ်ကိုသာ အခြေခံပြီး ဆွေးနွေးဖြေရှင်းရ မည့် အချိန်အခါ မဟုတ်တော့ဘဲ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး အကျုံးဝင် သက်ဆိုင်သည့် ဖြေရှင်းမှုမျိုးဖြစ်ရန် လိုအပ်ကြောင်းလည်း ပန်ကြားစာတွင် တိုက်တွန်းထားသည်။

“လက်ရှိ စစ်အာဏာရှင် စနစ်နဲ့ အာဏာရှင်စနစ်အမျိုးမျိုးကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ဖို့ဆိုတဲ့ဟာနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ဟာက အရေးကြီးတယ်။ အဲ့နှစ်ခု မလုပ်နိုင်သေးဘဲနဲ့တော့ ငြိမ်းချမ်းရေးခေါင်းစဉ်ကို သွားပြီး ဆွေးနွေးလို့ရမှာ မဟုတ်သေးဘူး။ သူတို့ နိုင်ငံရေးမှာ ဆက်ရှိနေသ၍ အာဏာသိမ်းမှု ဆက်ရှိနေသ၍က ငြိမ်းချမ်းရေး စကားပြောဖို့ အချိန်ကိုက် မဟုတ်နေသေးဘူး။”ဟု ခွန်ဝါးက ဖြည့်စွက်ပြောသည်။

လက်ရှိ စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို တက်ရောက်သွားမည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့တွင် ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ(UWSA)၊ သျှမ်း(ရှမ်း)ပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့(NDAA)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)၊ သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြပြီး မည်သည့်အချိန်တွင် တွေ့ဆုံသွားမည် ကို စစ်ကောင်စီဘက်မှ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

သို့သော် LDU အနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံမည့်ကိစ္စတွင် အဖွဲ့၏ ဥက္ကဌ၊ ဒု-ဥက္ကဌ တို့၏ သဘောထားမပါဝင်ဘဲ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တချို့၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဆွေးနွေးပွဲကို တက်ရောက်မည့် ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော် ညွန့်က “ကျနော်တို့ ကြားမှာတော့ အမြင်မတူမှုတွေ ရှိနေမှာပဲ။ ဒါပေမဲ့ ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ကတော့ အတူတူပါပဲ။ ပါဝင်သင့်သူ အားလုံးပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လို နည်းလမ်းရှာကြမလဲဆိုတာက ကျနော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် ယခုဆွေးနွေးပွဲမှတဆင့် မျှော်မှန်းထားသလောက် ရနိုင်မရနိုင်ကို လက်ရှိ အခြေအနေအရ တပ်အပ်မပြော နိုင်သေးကြောင်းနှင့် လုပ်ကြည့်မှ ရလဒ်ကိုသိနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဖြည့်စွက်ပြော ဆိုသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)သည် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ(NUCC)တွင် ပါဝင် သော တော်လှန်ရေးအင်အားစု တိုင်းရင်းသားအစုအဖွဲ့ထဲမှ ကောင်စီအဖွဲ့ဝင်တစ်ခု ဖြစ်သည်။