Home သတင်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးများကြောင့် လေးကေကော် ဒေသခံ တောင်သူများ လုပ်ငန်းခွင် မ၀င်ရဲသေး

မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးများကြောင့် လေးကေကော် ဒေသခံ တောင်သူများ လုပ်ငန်းခွင် မ၀င်ရဲသေး

1006

မေလ ၁၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီမြို့နယ်၊ လေးကေကော်ဒေသရှိ ဒေသခံတောင်သူများမှာ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်၊ လေယာဉ်ဗုံးသီးများကြောင့် စစ်ရှောင်နေရာမှ လုပ်ငန်းခွင်သို့ မ၀င်ရဲကြသေးဘဲ ရှိနေသည်ဟု ၎င်းတို့၏ ပြော ဆိုချက်များအရ သိရသည်။

တောင်သူတစ်ဦးက “မိုးရွာပြီလေ။ ပြောင်းစိုက်ရမယ်။ ကြံပျိုးရမယ်။ မန်ဂျန်ရှား စိုက်ကွက်တွေ ဖြည့်စိုက်ရမယ့်အချိန် ရောက်နေပြီ။ တိုက်ပွဲက ကျိုကြားကျိုကြား ပစ်နေခတ်နေကြတာရှိတော့ တောင်ယာသွားပြန်မလုပ်ရဲဘူး။ စစ်ကြောင်း တွေက နေရာစုံက သွားထားကြတာရှိတယ်။ မိုင်းထောင်ထားတာ ရှိတယ်။ လက်နက်ကြီး ဗုံးသီးတွေ မဖယ်ရသေး တော့ သွားမရဲဘူးဗျ။”ဟု ပြောဆိုသည်။

လေးကေကော်ရှိ တောင်ယာစိုက်ပျိုးသည့် ဧက ၁သောင်းခန့်ကို လုပ်ကိုင်လာခဲ့သည့် ဒေသခံကျေးရွာမှ တောင်ယာ လုပ်ငန်းလုပ်ကိုင်ကြသူများနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးရေးကို နေ့စား လာရောက်လုပ်ကိုင်ကြသည့် ရွှေ့ပြောင်းအခြေချ အလုပ်သမား မိသားစုများမှာ လက်ရှိအချိန်ထိ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက် မှီခိုနေထိုင်နေကြရဆဲဖြစ် သည်။

မြ၀တီမြို့တောင်ဘက် မယ်ထော်သလေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးမဲ့ဝါးခီး၊ ပဟိကလော်၊ ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ အပါအ၀င် လေးကေကော်ဒေသအတွင်းရှိ တောင်ယာစိုက်ခင်းများတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း တပ်များမှာ ယခုအချိန်ထိ ၅လကျော်ကြာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ယခုလို မိုးဦးကျအချိန်တွင် ပြောင်းသီးနှံစိုက်ခင်းများ၊ သစ်မာ အစားထိုး မန်ဂျန်ရှား စိုက်ခင်းများအတွင်း မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးသည့် ဗုံးကျည်များရှိနေသဖြင့် တောင်ယာပိုင်ရှင်များနှင့် အောက်မြန်မာပြည်ဘက်မှ ရွှေ့ပြောင်းအလုပ် သမား မိသားစုများအနေဖြင့် လုပ်ငန်းခွင်မ၀င်ရဲကြသဖြင့် စစ်ဘေးရှောင်စခန်းများတွင်ပင် ဆက်လက် မှီခိုနေထိုင်နေ ကြရခြင်းဖြစ်ကြောင်း ဒေသတွင်း စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းနေရသူများက ကေအိုင်စီသို့ ပြောပြသည်။

“သူတို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က ချောင်းပစ်တာတွေ ရှိတယ်။ လက်နက်ကြီးကလည်း မထင်ရင် မထင်သလို ပစ်ထုတ်တာမျိုး ရှိတော့ ဒီနှစ် ဘာမှစိုက်ပျိုးလို့ဖြစ်မယ် မထင်ဘူး။ အောက်ကလာတဲ့ ရာသီပေါ် အလုပ်သမားရော၊ ဒီက ရွာသားရောက စစ်ဘေးရှောင်နေရာမှာပဲ မှီခိုနေနေရတယ်။ တိုက်ပွဲ မြန်မြန်ပြီး မြန်မြန် ကိုယ့်နေရာပြန်ပြီး စိုက်ပျိုးချင်နေပြီဗျ။”ဟု ရသေ့ဂူကျေးရွာ တောင်ယာလုပ်သူတစ်ဦးက ပြောပါတယ်။

လေးကေကော်ဒေသ တိုက်ပွဲကာလတွင် စစ်ဘေးရှောင်နေကြရသူများအထဲ၌ ဒေသခံရွာသားများအပြင် ရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ၌ မိသားစုအလိုက် လာရောက်လုပ်ကိုင်နေကြသည့် အောက်မြန်မာပြည်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဘက်မှ ရွှေ့ပြောင်းလုပ်ကိုင်သူများ အပါအဝင် လူဦးရေ ၂၀၀၀ကျော်အထိရှိကြောင်း ရပ်ကျေးစာရင်းများအရ သိရသည်။

အချို့မှာ မူလနေရပ်ရင်းပြန်ရန် ကြိုးစားကြသော်လည်း ၎င်းတို့ရပ်ရွာဒေသတွင်း၌လည်း စစ်ကောင်စီနှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားကာ ရွာလုံးကျွတ် မီးရှို့ခံရမှုများကြောင့် နေရပ်မပြန်နိုင်တော့သည့် အခြေ အနေဖြစ်ကာ လက်ရှိ စစ်ဘေးရှောင်စခန်းနေရာ၌သာ နေထိုင်နေရဆဲဖြစ်ကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ တာ၀န်ရှိ သူများ၏ ပြောဆိုချက်အရ သိရသည်။